




၂၂. ၂. ၂၀၂၅
Written by Nay Moe
အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရတဲ့ တအာင်းလက်နက်ကိုင် TNLA နယ်မြေလုယက်သိမ်းယူထားတဲ့ မိုးမိတ်နဲ့ နောင်ချိုကို ထပ်မံဗုံးကြဲချေမှုန်းလို့ သုံးဦးသေပြီး ခုနစ်ဦး ဒဏ်ရာရမှု ဒီနေ့ဖြစ်ပွားခဲ့ပါတယ်။
မိုးမိတ်မြို့နယ်၊ ဝဲဘောင်းကျေးရွာကို ဖေဖော်ဝါရီ ၂၀ ရက် ည ၈ နာရီ မိနစ် ၂၀ အချိန်မှာ ဂျက်ဖိုက်တာနဲ့ ပေါင် (၅၀၀) ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့လို့ သုံးဦး သေဆုံးခဲ့ပြီး ခုနစ်ဦး ဒဏ်ရာရတဲ့အပြင် နေအိမ် (၅)လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့တာပါ။
ဒါ့အပြင် ဒီနေ့ ဖေဖော်ဝါရီ ၂၂ရက် ညသန်းခေါင်ယံ ၁၂ နာရီ ၁၅ မိနစ်ကနေ နံနက် ၁ နာရီခွဲအချိန်ထိ Y-12 လေယာဉ်နဲ့ နောင်ချိုမြို့နယ် ရွှေမုဠောကျေးရွာကို ဗုံး (၅)လုံးနဲ့ တောင်ရှည်ကျေးရွာကို ဗုံး (၂၇)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် တစ်ဦး သေဆုံးခဲ့ပြီး နေအိမ်အများအပြား ထိမှန်ပျက်စီးသွားခဲ့တယ်ပြောပါတယ်။
တရုတ်နိုင်ငံရဲ့ စီစဥ်မှုနဲ့ SAC အစိုးရအဖွဲ့ကိုယ်စားလှယ်တွေနဲ့ TNLA အကြမ်းဖက်လက်နက်ကိုင်တွေ တရုတ်နိုင်ငံမှာ ဇန်နဝါရီ ၁၆ ရက်နဲ့ ၁၇ ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့ပေမဲ့ TNLA ရဲ့နယ်မြေအဆမတန်တောင်းဆိုမှုတွေကြောင့် အဆင်မပြေဖြစ်ခဲ့တယ်လို့ သတင်းထွက်ခဲ့အပြီး ဖေဖော်ဝါရီလ ၁၆ ရက်ကနေ ဖေဖော်ဝါရီ ၂၂ရက်အထိ လက်နက်ကြီးနဲ့ လေကြောင်းကို အသုံးပြုပြီး တိုက်ခိုက်မှုကြောင့် TNLA နယ်မြေလုယက်ထိန်းချုပ်ထားရာမြို့တွေမှာ ၆ ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရခဲ့တဲ့အပြင် TNLA လက်နက်ကိုင်တွေတပ်စွဲထားတဲ့ ဆေးရုံ၊ ဘုန်းကြီးကျောင်းနဲ့ နေအိမ် (၁၁)လုံး ပျက်စီးသွားခဲ့တယ်လို့ ပြောပါတယ်။
TNLA၊ MNDAA နဲ့ AA တို့ဟာ ၁၀၂၇ စစ်ဆင်ရေးအမည်တပ်ပြီး မြို့သိမ်းပွဲတွေဆင်နွှဲတာကြောင့် လူထောင်ချီသေဆုံးခဲ့သလို နေအိမ်ရာချီ မီးလောင်ပျက်စီးတာ၊ နေအိမ်ထောင်ချီ ဖောက်ထွင်းလုယက်ကြတာကြောင့် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂ ရက်မှာ သူတို့သုံးဖွဲ့စလုံးကို အကြမ်းဖက်သတ်မှတ်ပြီး တိုက်ခိုက်မှုစတင်တော့မှာဖြစ်လို့ ဒီလိုအကြမ်းဖက်အဖွဲ့တွေအနီး မနေဖို့ ပြည်သူလူထုကို သတိပေးခဲ့တာပါ။ အဲဒီလို စဥ်ဆက်မပြတ် သတိပေးပြီးချိန်ကစ သုံးဖွဲ့စလုံးကို အဆက်မပြတ်လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပေမဲ့ လက်ရှိမှာတော့ နိုင်ငံရေးညှိနှိုင်းမှု အဆင်မပြေသလို တိုက်ခိုက်မှု ဆက်လုပ်နေတဲ့ AA နဲ့ TNLA သိမ်းယူထားရာမြို့တွေကို လေကြောင်းတိုက်ခိုက်မှုပြုနေတာလည်း ဖြစ်ပါတယ်။