EAO အချို့က NUG၊ CRPH၊ PDF နှင့် ပူးပေါင်းပြီး ၎င်းတို့ထိန်းချုပ်နယ်မြေ ချဲ့ထွင်နိုင်ရေး အကြမ်းဖက် လက်နက်ကိုင်နည်းလမ်းကို တရားလက်လွတ်ဥပဒေမဲ့ လုပ်ဆောင်နေဟုပါ ပြောကြား

၂၁. ၂. ၂၀၂၅
Written by Nyein Kyaw
အကြမ်းဖက်သောင်းကျန်းသူများသည် ထာဝရငြိမ်းချမ်းရေးရရှိပြီး ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ပါဝင်လျှောက်လှမ်းရေးထက် နယ်မြေအလိုက် အာဏာရရှိရေးကိုသာ လုပ်ဆောင်နေကြကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၂၈) သူရတပ်ခွဲ သတန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားတွင် ပြောကြားသည်။
လက်ရှိအချိန်တွင် လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်လိုသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့သည် NUG၊ CRPH၊ PDF အမည်ခံအကြမ်းဖက်သမားများနှင့် ပူးပေါင်းပြီး ပြည်သူများကို အကြောက်တရား လွှမ်းမိုးလာစေရေးနှင့် ၎င်းတို့ ထိန်းချုပ်နယ်မြေများ ချဲ့ထွင်နိုင်ရေးအတွက် နိုင်ငံရေးကိစ္စကို အကြောင်းပြပြီး အကြမ်းဖက်လက်နက်ကိုင်နည်းလမ်းကို တရားလက်လွတ်ဥပဒေမဲ့လုပ်ဆောင်လျက်ရှိနေကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထိုကဲ့သို့ အကြမ်းဖက်လက်နက်ကိုင် နည်းလမ်းကြောင့် နယ်မြေဒေသအချို့တွင် မတည်မငြိမ်ဖြစ်ခဲ့ရပြီး ဒေသခံများ၏ လူမှုစီးပွားဘဝနှင့် အသက်အန္တရာယ်များ ထိခိုက်ဆုံးရှုံးနေရခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် လက်နက်ကိုင်လမ်းစဉ် ကျင့်သုံးနေသည့် အကြမ်းဖက်သောင်းကျန်းသူများသည် ထာဝရငြိမ်းချမ်းရေးရရှိပြီး ပြည်ထောင်စုနှင့်အတူ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ပါဝင်လျှောက်လှမ်းရေးထက် နယ်မြေအလိုက် အာဏာရရှိရေးကို လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။





အထူးသဖြင့် အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လိုပြီး ဆင်ခြင်တုံတရားရှိသည့် ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများကို ခြိမ်းခြောက်ခြင်း၊ အကြပ်ကိုင်ဖိအားပေးခြင်းများကို ပြုလုပ်နေသကဲ့သို့ နိုင်ငံတဝှမ်း အကြမ်းဖက်တိုက်ခိုက်မှုများ ပိုမိုပြုလုပ်နေကြသဖြင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်လိုကြသည့် ပြည်သူများ၏ အသက်၊ အိုးအိမ်၊ ပစ္စည်းဥစ္စာများနှင့် ပြည်သူပိုင်အဆောက်အဦများ များစွာပျက်ဆီးဆုံးရှုံးနေကြရကြောင်း၊ ထို့ကြောင့်လည်း အေးချမ်းစွာနေထိုင်လိုကြသည့် အပြစ်မဲ့ပြည်သူများသည် နိုင်ငံရေးပြဿနာကို အကြမ်းဖက်လက်နက်ကိုင်နည်းလမ်းဖြင့် ကြိုးစားနေကြသည့် အကြမ်းသမားသောင်းကျန်းသူများကို အလွန်ရွံရှာစက်ဆုပ်နေကြပြီဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထို့နောက်တွင် SAC ဥက္ကဋ္ဌသည် ဗထူးတပ်နယ်အတွင်းရှိ နယ်မြေခံ စိုက်ပျိုးမွေးမြူရေးတပ်ရင်းနှင့် တပ်မတော်ဆေးရုံသို့ သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ပြီး စိုက်ပျိုးမွေးမြူရေးတပ်ရင်းအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို စံပြဖြစ်အောင် ဆောင်ရွက်သွားရန်လိုကြောင်း မှာကြားခဲ့သလို နယ်မြေခံတပ်မတော်ဆေးရုံတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေစဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အရာရှိ၊ စစ်သည်များ၏ အခြေအနေများအား ကြည့်ရှု့စစ်ဆေးခဲ့သည်။
ထို့ပြင် SAC ဥက္ကဋ္ဌသည် တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း(ဗထူး)မှ သင်တန်းသားအရာရှိများအား တွေ့ဆုံ၍ မိမိတို့အား ပေးအပ်လာသည့်တာဝန်များကို စွမ်းရည်သတ္တိအပြည့်ဖြင့် အောင်မြင်အောင် ထမ်းဆောင်ကြရန်လိုပြီး စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာအရ ကျန်းမာကြံ့ခိုင်မှုရှိရန်၊ လုံ့လ၊ ဝီရိယ အပြည့်ဖြင့် တာဝန်ထမ်းဆောင်ကြရန်လိုကြောင်း မှာကြားခဲ့သည်။