




၂၁.၂.၂၀၂၅
Written By Thandar
သရုပ်ဆောင် အကယ်ဒမီ သီဟတင်စိုး ကွယ်လွန်ခြင်း (၂ နှစ်ပြည့် )၊ အကယ်ဒမီ ဇင်မာဦး ကွယ်လွန်ခြင်း (၄ နှစ်ပြည့်) တို့အတွက် ရည်စူးပြီးတော့ သားဖြစ်သူ စစ်နိုင်သီဟဦးနဲ့ ပြည့်ပြည့်ဖြိုးတို့ မိသားစုက စတုဒိုသာအလှူကို ယနေ့ ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့၊မြောက်ဒဂုံမြို့နယ်၊ (၄၃) ရပ်ကွက်ရှိ သခင်ဖိုးလှကြီးလမ်းထိပ်မှာ ကျင်းပခဲ့ပါတယ်။
“ဒီနေ့က ဖေဖေ ၂ နှစ်ပြည့်တာပေါ့နော်။ မေမေကတော့ နောက်လမှာ ၄ နှစ်ပြည့်မှာပါ။ မေမေ့အတွက် နောက်လမှာ အလုပ်လေးတွေလက်ခံထားတော့ မလုပ်ဖြစ်မှာစိုးလို့ ကျွန်တော် ပေါင်းပြီးတော့ လှူဖြစ်တာပါ။ ကြက်ဆီထမင်းဘူးနဲ့ ဝေတာပါ။ နှစ်တိုင်းကတော့ မိဘအတွက် အလှူလေး လုပ်ဖြစ်ပါတယ်။ မနှစ်ကတော့ ကျွန်တော်တို့ တည်နေတဲ့ ဘုရားလေးမှာသွားပြီး ဒံပေါက် ရွာမှာ သွားကျွေးဖြစ်ပါတယ်။ ဖေဖေ့ကို ဒီအချိန်မှာ ပိုသတိရပါတယ်။ ကိုယ်တိုင်လည်း ဇာတ်တွေရိုက်လာရတော့လေ။ သူ့ဖြစ်စေချင်တာလေးကို ကျွန်တော်လုပ်နေပြီမို့ အဖေ့ကို မြင်စေချင်တာပါပဲ။ တကယ်လို့သာ ဖြစ်နိုင်ရင် အဖေနဲ့အမေကို သူ့ရဲ့ မြေးလေးကို မြင်တွေ့ခွင့်ရစေချင်တာပါပဲ။ ကျွန်တော် မိဘကို ဘယ်လောက်ချစ်လဲဆိုရင် မေမေရောဂါခံစားနေရချိန် အမေ့အတွက် ဆရာဝန်ကြီးကို ကျွန်တော့်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းလဲရရင် လဲပေးအထိတောင်းဆိုဖူးပါတယ်။ အဖေ့တုန်းကတော့ မပြုစုခဲ့ရပါဘူး။ အဖေက ရုတ်တရက်ဖြစ်တာမို့လေ။ မရှိတော့မှ လွမ်းတဲ့ သားထဲမှာတော့ မပါပါဘူးဗျာ ”လို့ သားဖြစ်သူ စစ်နိုင်ဦးဟဦးက ပြောပါတယ်။
သားဖြစ်သူ စစ်နိုင်သီဟဦးနဲ့ ပြည့်ပြည့်ဖြိုး၊ သမီးဖြစ်သူ စံပယ်ဖူးငုံဦး၊ မြေးဖြစ်သူ စစ်အမရာပြည့်ဖူး တို့က လူအယောက် ၁၀၀ စာ ကြက်ဆီထမင်းကျွေးမွေးလှူဒါန်းခဲ့ပါတယ်။
ထပ်ဆင့်အကယ်ဒမီ သီဟတင်စိုးကတော့ အသက် ၅၅ နှစ်နဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်မှာ နှလုံးရောဂါနဲ့ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံမှာ ကွယ်လွန်ခဲ့တာလည်း ဖြစ်ပါတယ်။ သီဟတင်စိုးဟာ ၂၀၀၀ ပြည့်နှစ်က ငရဲသား ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး ဒါရိုက်တာဆုနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတို့ကို ရရှိထားသူလည်းဖြစ်ပါတယ်။ အကယ်ဒမီ ဇင်မာဦးကတော့ ၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်နေ့က အဆုတ်ကင်ဆာရောဂါနဲ့ အသက် ၅၁ နှစ်နဲ့ကွယ်လွန်ခဲ့တာလည်းဖြစ်ပါတယ်။ ဇင်မာဦးဟာ ၁၉၉၃ ခုနှစ်က သီတာခုနှစ်တန် ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိထားသူလည်း ဖြစ်ပါတယ်။