
၂၁. ၂. ၂၀၂၅
Written by Nay Moe
မင်းလှမြို့နယ်က ထောက်ကြန့်အုပ်စုအုပ်ချုပ်ရေးမှူးနဲ့ အခြားအမျိုးသားတစ်ဦးကို သာယာဝတီ PDF က တစ်ပြိုင်နက် ဝင်သတ်လိုက်တယ်လို့ ဒီနေ့ ဖေဖော်ဝါရီ ၂၁ ရက်မှာ ကျူးလွန်တဲ့ သာယာဝတီ PDF က ဝန်ခံချက် ထုတ်ပြန်လာပါတယ်။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဆားချောင်းရွာနေ ထောက်ကြန့်အုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်နဲ့ သာယာဝတီ PDF က ပျူစောထီးလို့ တံဆိပ်ကပ်ခံရတဲ့ ဦးဇော်မင်းထွန်း (ခ) ကတုံး ဆိုသူကို ဖေဖော်ဝါရီ ၂၀ ရက် ည ၇ နာရီ ၄၀ မိနစ်မှာ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၂) PDF တွေက သူတို့ နေအိမ်တွေဆီ တစ်ပြိုင်နက် ဝင်ရောက်ကာ သေနတ်ကျည် ၁၅ ချက် ပစ်ခတ်ရှင်းလင်းခဲ့ပြီး အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင် ကိုင်ဆောင်တဲ့ လက်လုပ်သေနတ် ၁ လက်၊ ကျည် ၁၀ တောင့် လုယက်သိမ်းဆည်းခဲ့တယ်လို့ ဝန်ခံထားပါတယ်။


သာယာဝတီ PDF သတ်ဖြတ်ခံရသူ နှစ်ဦးဟာ လူငယ်တွေ စစ်မှုထမ်းဖို့ ဖိအားပေး လူစုတာ၊ စစ်မှုထမ်းကြေးဆိုပြီး ငွေကြေး အတင်းအကြပ် ကောက်ခံတာ၊ ကောက်ခံငွေ မပေးသူတွေကို စစ်တပ်ခေါ် ဖမ်းဆီးခိုင်းတာ၊ လက်နက်ပြပြီး ဖိနှိပ်ဒုက္ခပေးနေတာကြောင့် သတ်ဖြတ်တာလို့ ကျူးလွန်တဲ့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၂) က ဆင်ခြေပေးပေမဲ့ ဒီစွပ်စွဲချက်တွေ မှန်မမှန် MT News က အတည်မပြုနိုင်ဘဲ ကျူးလွန်တဲ့ PDF တွေရဲ့ ဝန်ခံချက်ကိုသာ ဖော်ပြတာဖြစ်ပါတယ်။
ပဲခူးတိုင်းဟာ အုပ်ချုပ်ရေးမှူးနဲ့ ပြည်သူ အများအပြား သတ်ဖြတ်ခံရတဲ့ တိုင်းတစ်ခုဖြစ်သလို ဖမ်းဆီးရမိမှုလည်း မရှိသလောက်နည်းပါးပါတယ်။ နွေဦးတော်လှန်ရေးစတင်ချိန်ကနေ ၂၀၂၄ ခုနှစ်အကုန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်ဟာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ NLD, NUG, PDF, EAOs တို့ရဲ့ သတ်ဖြတ်မှုကို ခံထားရပါတယ်။