
၂၁.၂.၂၀၂၅
Written By Thandar
ခွန်သာချိုရုပ်ရှင်နဲ့ ဗီဒီယိုထုတ်လုပ်ရေးက ရိုက်ကူးတဲ့ နတ်ကိုးကွယ်မှုနဲ့ပတ်သက်တဲ့ ပညာပေးဇာတ်လမ်းပုံစံ “နတ်နဲ့ နဂါး မလှည့်စားနဲ့” ဇာတ်လမ်းတွဲ ကန်တော့ပွဲ ပေးခြင်းအခမ်းအနားကို ယနေ့ ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ရှိ မဟာဝိဇယဘုရားမှာ ကျင်းပခဲ့ပါတယ်။
အဆိုပါအခမ်းအနားကိုတော့ သရုပ်ဆောင် ခွန်သာချိုနဲ့ အတူ ဇာတ်လမ်းတွဲမှာပါဝင်တဲ့ သရုပ်ဆောင် မင်းသွေးခန့်၊ ခိုင်နိုး၊ မာမီသက်၊ ရဲလေးမ၊ အကယ်ဒမီ နွဲ့နွဲ့စန်း၊ အကယ်ဒမီ ဝါဝါအောင်၊ မာယုသာ၊ ဆုရှိုင်း စတဲ့ အနုပညာရှင်များစွာ တက်ရောက်ခဲ့ကြပါတယ်။
“နတ်နဲ့ နဂါး မလှည့်စားနဲ့ ဇာတ်လမ်းတွဲမှာ ကျွန်တော်က စရိုက်နှစ်မျိုးနဲ့ ပါဝင်ပြီး သရုပ်ဆောင်သွားမှာပါ။ ဒီကားလေးက ကျွန်တော်ရိုက်ကူးနေကြပုံစံအတိုင်းလေးပဲ ပညာပေးမယ့် ပုံစံလေးပါ။ ဒီကားမှာ သရုပ်ဆောင်တွေကိုလည်း လူအယောက် ၄၀ ကျော်လောက်လည်း မြိုင်မြိုင်ဆိုင်ဆိုင်လေး သုံးထားပါတယ်။ နတ်နဲ့နဂါး မလှည့်စားနဲ့ ဆိုတဲ့အတိုင်း ဒီကားထဲမှာ ဘယ်လိုမျိုး စိတ်ဝင်စားစရာအကြောင်းအရာတွေ ပါဝင်မလဲဆိုတာကို စောင့်မျှော်ပြီး ကြည့်ရှုအားပေးကြပါဦး ”လို့ သရုပ်ဆောင် ခွန်သာချိုက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်း ခွန်သာချိုက ရေးသားပြီးတော့ ဒါရိုက်တာ မဟာ (M.Sc)က အပိုင်း ၁၉ ပိုင်းစာကို ဖေဖော်ဝါရီလနောက်ဆုံးအပတ်မှာ ရန်ကုန်မြို့အပြင် နေပြည်တော်နဲ့ ပင်လောင်း ဒေသဘက်အထိသွားရောက် ရိုက်ကူးပုံဖော်သွားမယ်လို့ သိရပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ ခွန်သာချို၊ မင်းသွေးခန့်၊ မင်းသူ၊ ခိုင်နိုး၊ မာမီသက်၊ ဦးဘုန်း၊ ရဲလေးမ၊ ရော်နီ၊ မင်းသိဒ္ဓိအောင်၊ ရဲခေါင်၊ ရှိန်းနေလင်း၊ Subin Ya Oo၊ ကျော်မိုးမြင့်၊ ရှိုင်းသူရိန်၊ ရှင်သွေး၊ သူရိန်စိုး၊ ဈာန်လေးမာန်၊ ဧည့်သည်သရုပ်ဆောင် အေးမမမျိုး၊ အကယ်ဒမီ နွဲ့နွဲ့စန်း၊ အကယ်ဒမီခင်စိုးပိုင်၊ အကယ်ဒမီ ဝါဝါအောင်၊ မာယုသာ၊ ဆုရှိင်း၊ နန်းခမ်းဝါ၊ မျိုးမျိုးခိုင်၊ ဘိုမ၊ အိမ့်ကြာဖြူ၊ သူဇာပွင့်၊ အိမ့်ခြူးပွင့်၊ ညိုမိ၊ စနိုးမေ၊ ချစ်စနိုး၊ မြတ်သိင်္ဂီ၊ သရဖီကျော်နဲ့ သရုပ်ဆောင်များစွာပါဝင်ကြပါတယ်။
“နတ်နဲ့နဂါး မလှည့်စားနဲ့ ”ဇာတ်လမ်းတွဲကို မကြာခင်မှာ Fortune TV ရုပ်သံလိုင်းကတစ်ဆင့် ထုတ်လွှင့် ပြသပေးသွားမှာလည်းဖြစ်ပါတယ်။
#ခွန်သာချို #မင်းသွေးခန့် #ခိုင်နိုး #မာမီသက် #KhunTharCho #MinThwayKhant #KhaiNo #MarmiThet
#နတ်နဲ့နဂါးမလှည့်စားနဲ့











