
၂၁.၂.၂၀၂၅
Written By Thandar
မြန်မာသံဂန္တဝင်တေးသံရှင် ခင်ညွန့်ရည် အသက် ၇၄ နှစ်ရဲ့ နာရေးဈာပနာကို ဖေဖော်ဝါရီ ၂၂ ရက် နေ့လယ် ၁ နာရီမှာ ရန်ကုန်မြို့ ရေဝေးသုသာန်မှာ မီးသင်္ဂြိုဟ်မှာဖြစ်ပါတယ်။
“အန်တီ ဒေါ်သန်းမြင့်အောင်၊ ကိုထွန်းကိုကိုတို့က အမေ့အတွက် လိုအပ်တာ မှန်သမျှကို ကူညီပေးကြတာပါ။ လက်ရှိ အမေ့နာရေးပိုင်းကိုတော့ လိုလေသေးမရှိအောင် ကူညီပေးကြတာပါ။ အမေ့ကို ချစ်ခင်ပေးကြတဲ့ ပရိသတ်တွေ အားလုံးကို အမေ့ကို အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ်။ မေမေ(အညာသူကြီး)ကိုတော့ အမအနေနဲ့ ရိုးရိုးပဲ မီးသင်္ဂြိုဟ်ဖို့အတွက်ပဲ လုပ်မှာပါ။ တကယ်တော့ အမေရဲ့ အသက်ကတော့ ၇၄ နှစ်ပါ။ အမေ့အတွက်ကို လစဉ်လတိုင်းကတော့ ကိုယ့်ဟာကိုယ် သားသတ်လွတ်ပဲ အလှူတွေကို အပတ်စဉ်လုပ်ပေးမှာပါ”လို့ သမီးဖြစ်သူ အဆိုတော် အိုပြည့်ရှင်က MT Entertainment ကို ပြောပါတယ်။

ခင်ညွန့်ရည်ကတော့ ဖေဖော်ဝါရီ ၂၀ ရက် ည ၁၁ နာရီ ၅ မိနစ်က ရန်ကုန်ပြည့်သူ့ဆေးရုံကြီး ကင်ဆာကုသဆောင်မှာ တက်ရောက်ဆေးကုသရင်း ဘဝတစ်ပါးပြောင်းသွားတာလည်းဖြစ်ပါတယ်။
တေးသံရှင် ခင်ညွန့်ရည် နာရေးအစီအစဉ်အနေနဲ့ ဖေဖော်ဝါရီ ၂၂ ရက် ရန်ကုန်မြို့ ၂/တောင်ရပ်ကွက် သာကေတ ဇောတရုံလမ်းရှိ စစ်သူကြီး တိုက် အမှတ် ၆၇၁ နေအိမ်ကနေ နံနက် ၁၁ နာရီမှာ ထွက်ခွာမှာဖြစ်ပြီး ရန်ကုန်မြို့ ရေဝေးသုသာန် ခန်းမ ၁/က မှာ နေ့လယ် ၁ နာရီမှာ မီးသင်္ဂြိုဟ်သွားမှာလည်းဖြစ်ပါတယ်။



မြစ်သားဇာတိက တေးသံရှင် ခင်ညွန့်ရည်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်ထဲက အဆုတ်ကင်ဆာဝေဒနာနဲ့ ရန်ကုန်ဆေးရုံကြီး ကင်ဆာဌာနမှာ ကုသမှုခံယူနေခဲ့ရတာဖြစ်ပြီး ကင်ဆာဝေဒနာက ဦးခေါင်းအထိ အကြိတ်ပေါက် ပျံ့နှံခဲ့ရတာပါ။
ဂန္တဝင်တေးသံရှင် ခင်ညွန့်ရည်က ကက်ဆက်ခွေပေါင်း ၁၀၀ ကျော် ထွက်ရှိခဲ့ပြီး ချစ်အရိပ်၊ ဆောင်းအမီ၊ တိမ်ပလီ နွေနှောင်း၊ လက်ပံပွင့်ကောက် အရောက်လာမယ်၊ နှင်းဆီမလေး ချစ်ပုံပြင်၊ ပန်းနဲ့ပေါက်တာလည်း နာချင်တယ် စတဲ့ တေးသီချင်းတွေကရေပန်းစားခဲ့သလို အာရှသူရဲကောင်း ဗိုလ်အောင်ဆန်း၊ ဇာတိမာန်၊ သုံးရောင်ခြယ်၊ ဗိုလ်ရှုသဘင်၊ ပါတော်မူ စတဲ့ အမျိုးသားရေးတေးတွေကိုလည်း ပြန်လည်ဆန်းသစ်သီဆိုခဲ့ရာမှာ ပရိသတ်ရဲ့ နှစ်ခြိုက်အားပေးမှုရရှိခဲ့သူဖြစ်ပါတယ်။
#ခင်ညွန့်ရည် #အိုပြည့်ရှင် #KhinNyuntYee #OPyieShin #MyanmarSinger #MyanmarVocalist #ချစ်အရိပ်