၁၆. ၁. ၂၀၂၃
Translated by Htwe Ko Tun
အင်ဒိုနီးရှားနိုင်ငံ၊ အရှေ့ဂျာဗားပြည်နယ်တွင် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁ ရက်က ကျင်းပခဲ့သော ဘောလုံးပွဲတစ်ခု၌ ပရိသတ်များကြောက်လန့်တကြား၊ ဝရုန်းသုံးကားဖြင့် ထွက်ပေါက်များဆီသို့ ထွက်ပြေးကြမှုဖြစ်ပွားကာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်လူစုခွဲခဲ့ပြီးနောက် လူ ၁၃၅ ဦးသေဆုံးသည်အထိ ဖြစ်စေခဲ့မှုအတွက် တာဝန်ရှိသူငါးဦးကို တာဝန်ပေါ့ဆမှုစွဲချက်များဖြင့် အင်ဒိုနီးရှားတရားရုံးတစ်ရုံးတွင် ဇန်နဝါရီ ၁၆ ရက်က တရားစွဲခဲ့ကြောင်း သိရသည်။
အရှေ့ဂျာဗားကျွန်း၊ မာလန်မြို့တွင် ဖြစ်ပွားခဲ့သည့် ထိုဖြစ်ရပ်က ကမ္ဘာပေါ်၌ အားကစားနှင့်ပတ်သက်၍ ဖြစ်ခဲ့ရသော အဆိုးဝါးဆုံး ဖြစ်ရပ်များတွင် တစ်ခုအပါအဝင်ဖြစ်ခဲ့သည်။ အိမ်ရှင်အသင်းဖြစ်သော Arema F.C ကလပ်အသင်းနှင့် Persebaya Surabaya ကလပ်အသင်းတို့၏ ပွဲတွင် အိမ်ရှင်အသင်းက ၂၃ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရှုံးနိမ့်ခဲ့ပြီးနောက် မကျေမနပ်ဖြစ်နေသော အိမ်ရှင်ပရိသတ်များက ကွင်းအတွင်း ပြေးဝင်လာခဲ့ကြခြင်းဖြစ်သည်။ ၎င်းတို့ကို ထိန်းသိမ်းလူစုခွဲရန် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများဖြင့် ပစ်ပေါက်လူစုခွဲခဲ့သည်။
ဘောလုံးပွဲကျင်းပရာ ကန်ဂျူရူဟန် ဘောလုံးကွင်းတွင်လည်း Arema F.C ကလပ်အသင်း၏ အိမ်ရှင်ပရိသတ်များသာရှိခဲ့သည်။ ဘောလုံးပွဲကျင်းပသူများကလည်း အင်ဒိုနီးရှားတွင် ဘောလုံးပရိသတ်၏ အကြမ်းဖက်ပြိုင်ဆိုင်မှုများကြောင့် Persebaya Surabaya ကလပ်အသင်း၏ ပရိသတ်ကို ထိုနေ့ပွဲသို့ ဝင်ရောက်ကြည့်ရှုခွင့်မပေးခဲ့ပေ။
ရဲတပ်ဖွဲ့က ထိုဖြစ်ရပ်အား ဘောလုံးပွဲပရိသတ်၏ အဓိကရုဏ်းတစ်ခုကဲ့သို့ ရန်စကျူးကျော်တိုက်ခိုက်မှုတစ်ရပ်အဖြစ် ရှုမြင်ကာ ရဲအရာရှိနှစ်ဦးသေဆုံးခဲ့ရကြောင်း ပြောခဲ့သည်။ သို့သော် ဘောလုံးပွဲပရိသတ်များဘက်ကမူ ရဲတပ်ဖွဲ့အနေဖြင့် လိုအပ်သည်ထက် ပိုမို၍ လွန်ကဲစွာဆောင်ရွက်ခဲ့ကြောင်း မကျေမနပ်ပြောခဲ့ကြသည်။ ဗီဒီယိုများကလည်း ဘောလုံးကွင်းအတွင်း ရဲအရာရှိများက ပရိသတ်များကို အင်အားသုံး၍ ထိုးနှက်နေပုံ၊ ကန်ကျောက်နေပုံ၊ တုတ်များဖြင့်ရိုက်နှက်နေပုံ၊ ကြည့်ရှုသူများအား ပွဲကြည့်စင်များအပေါ်သို့ ပြန်လည်၍ တွန်းထိုးတင်နေပုံတိုကို ပြသခဲ့ကြသည်။
ထို့ပြင် အနည်းဆုံး ရဲအရာရှိ ၁၁ ဦးက မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်လူစုခွဲခဲ့ရကြောင်းလည်း တွေ့ခဲ့ရသည်။ ပရိသတ်များ ကွင်းအတွင်း ထပ်မံဝင်ရောက်လာမှုမရှိစေရေးအတွက် မျက်ရည်ယိုဗုံးရှစ်လုံးကို ပွဲကြည့်စင်များဆီနှင့် သုံးလုံးကို ကွင်းအတွင်းကျူးကျော်ရန်ပြုလာသူများဘက်သို့ ပစ်ခတ်ခဲ့သည်ကို တွေ့ကြရသည်။ သို့ဖြစ်၍ ပရိသတ်အများအပြားသေဆုံးခဲ့ရမှုအပေါ် တစ်နိုင်ငံလုံးမကျေမနပ်ရှုချ တောင်းဆိုလာမှုကြောင့် သမ္မတ ဂျိုကို ဝီဒိုဒို က စုံစမ်းရေးကော်မရှင်တစ်ရပ်ဖွဲ့ကာ ဖြစ်ရပ်ကိုစုံစမ်းစေခဲ့ရသည်။
စုံစမ်းမှုအရ ဤကဲ့သို့ လူအများအပြားသေဆုံးခဲ့ရခြင်းကလည်း မျက်ရည်ယိုဗုံးဖြင့်ပစ်ခတ်ခဲ့မှုက အဓိကအကြောင်းရင်းဖြစ်ခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ဘောလုံးကွင်းများအတွင်း မျက်ရည်ယိုဗုံးများ အသုံးမပြုရဟု တားမြစ်ထားသည်ကို မသိရှိကြောင်းနှင့် လက်လွတ်စပယ် ပစ်ခတ်အသုံးပြုခဲ့ကြောင်းလည်း စုံစမ်းတွေ့ရှိခဲ့သည်။
ထို့ကြောင့်လည်း ရှေ့နေများက ရဲအရာရှိများအား မျက်ရည်ယိုဗုံးများအသုံးပြုခွင့်ပေးခဲ့သည့် (သို့မဟုတ်) ပစ်ခတ်အသုံးပြုရန်အမိန့်ပေးခဲ့သည့် ရဲတပ်ဖွဲ့မှတာဝန်ရှိသူသုံးဦး၊ Arema F.C ကလပ်အသင်း၏ ပွဲစီစဉ်ကျင်းပရေးကော်မတီဥက္ကဋ္ဌနှင့် ပွဲလုံခြုံရေးအကြီးအကဲတို့အား လူသေဆုံးသည်အထိနှင့် ခန္ဓာကိုယ်ထိခိုက်နာကျင်မှုဖြစ်စေသည်အထိ ရာဇဝတ်မှုမြောက်သော တာဝန်ပေါ့ဆမှုများအတွက် တရားစွဲခဲ့ခြင်းဟုသိရသည်။ ၎င်းတို့အနေဖြင့် တရားရုံးတွင် အပြစ်ရှိကြောင်းထင်ရှားပါက ထောင်ဒဏ်ငါးနှစ်အထိ ပြစ်ဒဏ်ကျခံရနိုင်ကြောင်း သိရသည်။
Ref—– AP