
၂၁.၂.၂၀၂၅
Written by Hey Mar
အမျိုးသားနှစ်ဦး စကားများရန်ဖြစ်ရာက ဓားနဲ့ ထိုးလို့ တစ်ဦး နေရာတင်သေဆုံးခဲ့တဲ့ဖြစ်စဉ် ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်မှာ မနေ့က ဖေဖော်ဝါရီ ၂၀ ရက်နေ့ ည ၉ နာရီ မိနစ် ၃၀ အချိန်မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းဖြစ်တဲ့ အောင်ရဲသူ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက် ၊ မာလာနွယ်လမ်း ၊ အမှတ် (188/5လွှာB) မှာ လူသတ်မှူ ဖြစ်စဥ် ဖြစ်ပွားခဲ့တဲ့ သတင်းအရ သက်ဆိုင်ရာတာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နိုင်အောင် အခင်းဖြစ်နေရာကနေ ရင်ခွဲစစ်ဆေးနိုင်ဖို့ ရန်ကုန်ဆေးရုံဆီကို ပို့ဆောင်ပေးပါရန် လူမှုကူညီရေးအသင်းတွေကို ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။

အောင်ရဲသူ လူမှုကူညီရေးအသင်းတာဝန်ရှိသူက ”အမျိုးသားနှစ်ဦး ခိုက်ရန်ဖြစ်ပွားတယ်လို့ သိရပါတယ်။ သေဆုံးသူက အသက် ခန့်မှန်း ၃၅ ကျော် ၄၀ ဝန်းကျင်လောက်ပါ။ ဓားဒဏ်ရာ လေးချက် ရထားတယ်။ အေးမေတ္တာပရဟိတအသင်းက ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံဆီ ပို့ဆောင်ပေးခဲ့ပါတယ်” လို့ MT News ကို ပြောပါတယ်။
ဖြစ်စဉ်အတွင်း အေးမေတ္တာ ပရဟိတအသင်း၊အောင်သပြေပရဟိတအသင်းနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်နေပြည်သူတွေနဲ့ သက်ဆိုင်ရာ နယ်မြေ ရဲတပ်ဖွဲ့ဝင်တွေက ပူပေါင်း ကူညီဆောင်ရွက်ခဲ့ပြီး၊ ထွက်ပြေးတရားခံ ဖမ်းမိရေး သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကဆက်လက် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

အေးမေတ္တာ ပရဟိတအသင်းတာဝန်ရှိသူက “တိုက်လှေကားခွင်မှာဖြစ်တာပါ။ အဓိက က ရထားတဲ့ဒဏ်ရာကြောင့် သွေးထွက်လွန်ပြီးသေတာပါ။ ဘယ်ဘက် ရင်ဘတ်မှာ တစ်ချက်၊ ဇက်ပိုးမှာ တစ်ချက်။ အဲဒီနေရာက အဓိကပေါ့နော်။ သေစေတဲ့အခြေအနေမှာ ဇက်ပိုးအထက် နောက်စေ့အောက်နား နှစ်ချက် ဒဏ်ရာတွေ့ပါတယ်။ ရန်ကုန်ဆေးရုံက PR -046နဲ့ လက်ခံထားပါတယ်”လို့ ဆက်လက်ပြောပြပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက်နေ့ နေ့လယ်နှစ်နာရီအချိန်ခန့်ကလည်း ရန်ကုန်မြို့၊ ဒေါပုံမြို့နယ်၊ ယမုံနာ(၁)ရပ်ကွက် ဘုန်းကြီးကျောင်းရှေ့မှာ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦး လည်ပင်းပြတ်ရှဒဏ်ရာနဲ့ သတိလစ် လဲကျနေတဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။