
၂၁. ၂. ၂၀၂၅
Written by Thettant
ကက်ဆက်ခွေပေါင်း ၁၀၀ ကျော်ထွက်ရှိပြီး နာမည်ကျော်လူကြိုက်များခဲ့တဲ့ ဂန္တဝင် မြန်မာသံစဥ်အဆိုတော်ကြီး (ဒေါ်) ခင်ညွန့်ရည်ဟာ ဖေဖော်ဝါရီ ၂၀ ရက် ညသန်းခေါင်ချိန်နားမှာ ဘဝတစ်ပါးဆီ ကူးပြောင်း ကွယ်လွန်ခဲ့ပြီဖြစ်ပါတယ်။
“အမေ (အညာသူကြီး) (၂၀.၂.၂၀၂၅) ည ၁၁:၅ မိနစ်မှာ သူချစ်တဲ့ အနုအညာ၊ သူချစ်တဲ့ ပရိတ်သတ်များကို ထာဝရစွန့်ခွာသွားပါပြီ”လို့ သမီးဖြစ်သူ အဆိုတော်အိုပြည့်ရှင်က ပရိသတ်ကို အသိပေးထားပါတယ်။
မြစ်သားဇာတိ အဆိုတော်ကြီးခင်ညွန့်ရည်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်ကစလို့ အဆုတ်ကင်ဆာဝေဒနာနဲ့ ရန်ကုန်ဆေးရုံကြီး ကင်ဆာဌာနမှာ ကုသမှု ခံယူနေခဲ့ရတာဖြစ်ပြီး ကင်ဆာဝေဒနာက ဦးခေါင်းအထိ အကြိတ်ပေါက် ပျံ့နှံ့ခဲ့သလို ကာလရှည်ကြာလဲလျောင်းနေမှုကြောင့် အိပ်ယာနာလည်း ဖြစ်ပွားမှုတချို့နဲ့ အစာမဝင်တဲ့အတွက် ဆေးအဆက်မပြတ်သွင်းနေရတာကြောင့် ခြေလက်တွေလည်း ယောင်ယမ်းနာကျင်မှုတွေ ခံစားခဲ့ရတယ်လို့ သိရပါတယ်။
အဆိုတော်ကြီး ခင်ညွန့်ရည်ဟာ သီချင်းအပုဒ်ရေ ရာပေါင်းများစွာသီဆိုခဲ့သူဖြစ်ပြီး သောကသူဌေးမလေး၊ ဆောင်းအမီ၊ အာရှသူရဲကောင်း ဗိုလ်အောင်ဆန်း၊ ချစ်အရိပ်၊ အလွမ်းနွေကို စမ်းရေထဲမှာမျှောလိုက်မည်၊ သည်နွေမိုးဆောင်း ပြောင်းသော်လည်း၊ ပန်းနဲ့ပေါက်တာလည်း နာချင်တယ်၊ ပန်းပန်လျက်ပါ ဆိုတဲ့သီချင်းများစွာဟာ ကျော်ကြားခဲ့ပါတယ်။
ဂီတမိခင်ကြီး ခင်ညွန့်ရည်ရဲ့ စျာပနာအစီအစဥ်ကို MT Entertainment က ဆက်လက်ဖော်ပြပေးပါမယ်။