
၂၁. ၂.၂၀၂၅
Written by Thettant
ကာတာနိုင်ငံမှာ ဒီည ကျင်းပနေတဲ့ One 171 ပွဲမှာ မြန်မာ့စပါးကြီးမွေအောင်လဟာ ပထမအကြိမ်တုန်းက ဒိုင်ပွဲရပ်နဲ့ မရှုမလှရှုံးခဲ့တဲ့ တူရကီဖိုက်တာ အာဒိုဂန်ကို ဒီတစ်ချီ မကျေပွဲမှာလည်း စက္ကန့် ၃၀ မပြည့်ခင် Head Kick နဲ့ အလဲထိုးခံလိုက်ရပြီး ရုပ်ပျက်ဆင်းပျက် ရှုံးရပြန်ပါတယ်။
အမေရိကန်နိုင်ငံ၊ ဒန်ဗာမြို့က ဘောအရီနာကွင်းကြီးမှာ မနှစ်က စက်တင်ဘာ ၇ ရက်က ကျင်းပခဲ့တဲ့ MMA ပွဲမှာ အသက် ၃၉ နှစ်သား မြန်မာ့စပါးကြီးမြွေ အောင်လနဲ့ အသက် ၃၄ နှစ်အရွယ် တူရကီဖိုက်တာ ရှမေးလ် အာဒိုဂန်တို့ ထိုးသတ်ပြီး အာဒိုဂန်က သူ့အဖို့ ၁၀ ပွဲဆက် ရှုံးပွဲမရှိစံချိန်ကို လွယ်လွယ်ကူကူ ရယူသွားခဲ့အပြီး လေးလကျော်အကြာ ဒီနေ့မှာ မကျေပွဲ ပြန်နွှဲကြတာပါ။

မကြာခင် အသက် ၄၀ ပြည့်တော့မယ့် မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ်ချန်ပီယံဟောင်း မြန်မာ့စပါးကြီးမြွေ အောင်လဟာ ပထမအကြိမ်တွေ့ဆုံစဥ်က အာဒိုဂန်ကို Stand Fight ရော Ground Fight ပါ မယှဥ်နိုင်ခဲ့ဘဲ ပထမအချီ ငါးမိနစ်လုံးလုံး အာဒိုဂန်စိတ်ကြိုက် Takedown လုပ်မှု၊ ထိုးကြိတ်မှု ခံခဲ့ရတဲ့အပြင် ပထမအချီပြီးခါနီးဆို အာဒိုဂန်ရဲ့ ခွချုပ်ပြီးရိုက်တဲ့ တံတောင်ရိုက်ချက် အောင်လမျက်နှာပြင်ထက် ငါးချက်အထက် ခံခဲ့ရလို့ ပွဲပြတ်ပြီလို့ကို ထင်ခဲ့ရတာပါ။ ဒုတိယအချီအစမှာလည်း အောင်လကို Stand Fight ယှဥ်ထိုးရာမှာ ပထမအချီအထိနာထားတဲ့ အောင်လပဲ တစ်ဖက် သတ်အထိုးခံနေရသလို ဒုတိယအချီ တစ်မိနစ်ခွဲအကျော်မှာတော့ အပေါ်ကနေ ချုပ်ပြီး အာဒိုဂန်က တစ်ဖက်သတ်ထိုးနေတာကြောင့် ဒိုင်ပွဲရပ်နဲ့ အောင်လအရေးနိမ့်ခဲ့တာပါ။





ဒီနေ့ပွဲဟာ ပထမအကြိမ်ရှုံးနိမ့်မှုကို ချေပဖို့ မကျေပွဲလို့ အမည်တပ်ပေမယ့်လည်း အောင်လအဖို့တော့ အာဒိုဂန်ကို ယှဥ်နိုင်စရာမရှိဘူးလို့ သုံးသပ်ကြသလို အောင်လကိုယ်တိုင်ကလည်း သူ့အဖို့ ခက်ခဲလွန်းတဲ့ပွဲပါလို့ ပွဲမစခင် ကြိုဝန်ခံထားတဲ့အတိုင်းပဲ တိုက်စစ်နဲ့ဖွင့်ထိုးပေမဲ့ သူထိုးတာကို ရှောင်နေရင်း အာဒိုဂန် Head Kick တစ်ချက် ပြန်အကန်မှာတော့ မရှောင်နိုင်တော့တဲ့အပြင် ဝင်ခံလိုက်သလိုဖြစ်ပြီး လည်မျိုနဲ့ မေးရိုးကို တွဲထိသွားတာကြောင့် တစ်ချက်တည်းနဲ့ အရုပ်ကြိုးပြတ် ကြမ်းပေါ်ပုံလဲသွားလို့ ၂၈ စက္ကန့်နဲ့ အလဲထိုးနဲ့ ရှုံးနိမ့်ခဲ့ရတာပါ။
အာဒိုဂန်အဖို့ အောင်လဟာ သူ့ပြိုင်ဘက်အဆင့်မဟုတ်ဘူးဆိုတာ ချွေးမထွက်ဘဲ ခြေကန်တစ်ချက်နဲ့ သက်သေပြသွားသလို ဆုကြေး ဒေါ်လာ ၅၀၀၀၀ ကိုလည်း ဆွတ်ခူးသွားခဲ့ပါတယ်။