စစ်တွေမြို့ကို တိုက်ခိုက်ရန် စုဖွဲ့နေသည့် AA အဖွဲ့ဝင်များရှိသည့်နေရာများကို ဗုံးအလုံးရေ ၄ဝ ကျော်ကြဲချ၍ ဆယ်နှင့်ချီဒဏ်ရာရကာ သေဆုံးသူများလည်း ရှိနေဟု ဆို

၂၀.၁.၂၀၂၅
Written By Zun
AA ကြီးစိုးရာ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်အတွင်း တပ်မတော်က ဗုံးကြဲ၍ နယ်မြေရှင်းလင်းမှုများပြုလုပ်နေကြောင်း တပ်မတော်သတင်းရင်းမြစ်များထံမှ သိရသည်။
စစ်တွေမြို့ကို တိုက်ခိုက်ရန် စုဖွဲ့နေသည့် AA အဖွဲ့ဝင်များရှိသည့်နေရာများကို ဗုံးအလုံးရေ ၄ဝ ကျော်ကြဲချ၍ ဆယ်နှင့်ချီ၍ ဒဏ်ရာရကာ သေဆုံးသူများလည်း ရှိကြောင်း သိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်၊ မွန်းလွဲပိုင်းက ပေါက်တောမြို့၊ အလယ်ဖရုံကာကျွန်းမှ AA လက်နက်ကိုင်များ အခြေစိုက်ရာ မညှင်းကိုင်ရဲစခန်း၊ ဆင်အိုင်စာသင်ကျောင်း၊ ဆင်တက်မှော်ရဲစခန်းတို့အားလည်းကောင်း၊ မြို့ပေါ်ရှိ မြို့နယ်တရားရုံး၊ မြို့မရဲ စခန်းနှင့် AA အကြမ်းဖက်အဖွဲ့ဝင်များ တရားမဝင်ကုန်တင်ကုန်ချပြုလုပ်နေသည့် နေရာ၊ စစ်တွေမြို့အားတိုက်ခိုက်ရန် ရိက္ခာများစုဆောင်းထားသည့် တောတန်းရွာရှိ AA ထောက်ပို့ဂိုဒေါင်နှင့် ဆေးခိုးကုပေးနေသည့် ကျောက်တောင်ဆေးရုံ၊ တောင်ဦးမှော်ရွာမှ လက်နက် ကြီးထားရာနေရာနှင့် ငပိကျွန်းပေါ်မှ လက်နက်ကြီးထားရာနေရာတို့ကို လေကြောင်းမှ ဗုံးအလုံး ၄၀ ကျော်ဖြင့် တိုက်ခိုက်ချေမှုန်းခဲ့ကြောင်း သိရသည်။
တပ်မတော်သတင်းရင်းမြစ်များမှ သတင်းများအရ AA အကြမ်းဖက်သောင်းကျန်းသူ ၄၅ ဦးခန့် ပွဲချင်းပြီး သေဆုံးခဲ့ကာ ၅၀ ကျော်ခန့် အပြင်းအထန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
AA ဘက်လိုက်မီဒီယာများက ဗုံးကြဲခံရသောကြောင့် အရပ်သား ၂၀ ခန့် ဒဏ်ရာရကာ သေဆုံးသူများလည်း ရှိနေကြောင်း ရေးသားဖော်ပြလျက် ရှိသည်။
AA အကြမ်းဖက်သောင်းကျန်းသူများအဖွဲ့အနေဖြင့် အဆိုပါနေရာများတွင် နေထိုင်သည့် ဒေသခံများအား မောင်းထုတ်၍ လက်ရှိတွင် ၎င်းတို့အခြေချနေထိုင်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်ညကလည်း AA လက်နက်ကိုင်များရှိရာ ပေါက်တောမြို့နယ်မှ သဲခုံရွာနှင့် ငပြီကျွန်းရွာကို ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၃ လုံးကြဲချခဲ့သေးကြောင်းလည်း သိရသည်။
AA အကြမ်းဖက်အဖွဲ့က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်တွင် ပေါက်တောမြို့နယ်တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်လိုက်ကြောင်း ကြေညာထားပြီး တပ်မတော်ကလည်း စက်တင်ဘာ ၂ ရက်မှစတင်ကာ AA ကို အကြမ်းဖက်အဖြစ် သတ်မှတ်ချေမှုန်းနေမှုကြောင့် လက်ရှိကာလတွင် AA ထိန်းချုပ်ထားသောမြို့များမှာ AA လက်နက်ကိုင်များနှင့် မိသားစုဝင်များသာ အဓိကမှီတင်းလည်ပတ်နေသည်။