
၂၀.၂.၂၀၂၅
Written By Thandar
တေးရေးဆရာ ကဗျာဆရာ နိုင်မြန်မာ တေးသီချင်းဖန်တီးစဉ်သုံးခဲ့တဲ့ ဂစ်တာကို ဇနီးဖြစ်သူက ရန်ကုန်မြို့ သန်လျင်နေအိမ်မှာ ဂစ်တာနိုင်ဇော်ထံ အပ်နှံခဲ့တယ်လို့ သိရပါတယ်။


“တကယ်တော့ ကျွန်တော့်ကို ကိုနိုင်မြန်မာ မသေခင် နောက်ဆုံးအချိန်အထိ သုံးခဲ့တဲ့ဂစ်တာကို တန်ဖိုးထားထိန်းသိမ်းဖို့ ဇနီးဖြစ်သူ မနန်းဆမ်ဆာလွမ်က အပ်နှံဖို့အတွက် သန်လျင်အထိ သွားယူခဲ့တာပါ။ သူ့ဇနီးက ဇာတိဖြစ်တဲ့ ရှမ်းပြည်နယ်စပ်ပြန်မှာဆိုတော့ ဂစ်တာကို ယူသွားရင် လမ်းခရီးကလည်း ကြမ်းတော့ တန်ဖိုးထားတဲ့ အရာတစ်ခုပျက်စီးသွားမှာ၊ ကျိုးသွားမှာ စိုးရိမ်တယ်လေ။ သူယုံကြည်စိတ်ချရသူ လူတစ်ယောက်ဆီမှာ အပ်ခဲ့ချင်တာဆိုတော့ ကျွန်တော့်ကို ယုံကြည်စိတ်ချလို့ ထိန်းသိမ်းပေးထားပါပေါ့နော်။ ကျွန်တော်ထိန်းသိမ်းပေးထားပြီး သူ့ရှမ်းပြည်ဒေသကို ပြန်ရင်လည်း ကျွန်တော် သူ့ကို ပို့ပေးမယ်။ ဒါမှမဟုတ်လည်း ကိုနိုင်မြန်မာရဲ့ သီချင်းကို မြတ်နိုးတဲ့သူ၊ သူ့အနုပညာကို မြတ်နိုးတဲ့သူ တကယ့်အစစ်အမှန်က ဒီဂစ်တာကို ပြန်ပြီးတော့ လိုချင်ပါတယ်။ ဝယ်ချင်ပါတယ်။ အမှတ်တရလုပ်ချင်တယ်ဆိုလည်း ကျွန်တော်နဲ့ တိုင်ပင်ပြီးတော့ သူ့ကို ခွင့်ပြုချက်တောင်းပြီးတော့ စီစဉ်ပေးပေါ့။ တစ်ချိန်ကျရင်ပေါ့။ အခုတော့ မဟုတ်သေးဘူး”လို့ ဂစ်တာနိုင်ဇော်က MT Entertainment ကို ပြောပါတယ်။
နိုင်မြန်မာက အခု ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၈ နာရီခွဲခန့်က ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ နေအိမ်မှာ နှလုံးလေဟပ်ပြီး ရုတ်တရက် ကွယ်လွန်ခဲ့တာလည်းဖြစ်ပါတယ်။


“သူက ကိုနိုင်မြန်မာရဲ့သီချင်းတွေ၊ ပိုင်ဆိုင်မှုတွေ ဘာမှစိတ်မဝင်စားဘဲ သူ့ကို တရားဝင်အသိအမှတ်ပြုပေးပါဆိုတဲ့ စကားတခုဘဲ ကျွန်တော်ကို တောင်းဆိုခဲ့ပါတယ်။ တစ်ချိန်မှာ ကိုနိုင်မြန်မာရဲ့ ပစ္စည်းအသုံးဆောင်လက်ရေးမူလေးတွေနဲ့ အမှတ်တရပြခန်းလေး၊ ပြပွဲလေးလုပ်ဖြစ်ရင်ပြဖို့ ကျွန်တော် ခဏယူသိမ်းပေးထားခဲ့ပါတယ်။ တစ်ချိန်မှာ ကိုနိုင်မြန်မာ့ဂစ်တာလေးကို တန်ဖိုးထား ဝယ်ယူသိမ်းချင်သူ တစ်ချိန်မှာပေါ်ပေါက်လာရင် သူ့ဇနီးမနန်းနဲ့ချိတ်ဆက်ပေးပြီး လွှဲပြောင်းပေးဖို့လည်း ကတိပေးခဲ့ပါတယ်”လို့ သူက ဆက်ပြောပါတယ်။
တေးရေးဆရာ ကဗျာဆရာ နိုင်မြန်မာရဲ့ ဈာပနကို ဖေဖော်ဝါရီ ၉ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ ရေဝေးသုသာန်မှာ ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။