




၂၀.၂.၂၀၂၅
Written By Thandar
Lavender Film Production က ထုတ်လုပ်တဲ့ အချစ်နဲ့ပတ်သက်ပြီး မာယာများတဲ့မိန်းကလေးတွေရဲ့ ကလဲ့စားချေတဲ့ဇာတ်လမ်းပုံစံ “မာယာရထားမောင်းတဲ့ မိန်းမ” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၉ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ပရိုဂျူဆာအမသင်ဇာပိုင်ကလည်း ဒီကလေးက သူ့ရဲ့အိပ်မက်တစ်ခုလိုဖြစ်နေတယ်။ သူ ဖြစ်စေချင်တဲ့အတိုင်း စူစူလည်း ပုံဖော်ထားတယ်ပေါ့နော်။ ကိုယ်ပါဝင်ရတဲ့ အခန်းကဏ္ဍမှာလည်း အကောင်းဆုံးဖြစ်အောင် မိတ်ကပ်၊ ဆံပင်၊ ဖက်ရှင်နဲ့ ဒိုင်ယာလော့ခ်တွေက အစ အတတ်နိုင်ဆုံး ကြိုးစားထားပါတယ်။ ဒီကားလေးကို ရုံတင်ရင်လည်း အားပေးကြပါလို့ ပရိသတ်အကြိုက်တွေ့စေမယ် ကားပါလို့ ပြောချင်ပါတယ်။ မာယာဝင်္ကပါထဲကို ရထားတစ်စင်းမှာ ဘယ်သူတွေပါသွားမလဲဆိုတာ ရုံတင်ရင်ကြည့်ပေးကြပါဦးလို့ ပြောချင်ပါတယ်” လို့ သရုပ်ဆောင် အိချောပိုက ပြောပါတယ်။
ဒီဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ဒါရိုက်တာပိုင်းကို ရာဇဝင်ကိုက လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်က ရိုက်ကူးပုံဖော်ထားတာလည်း ဖြစ်ပါတယ်။
သရုပ်ဆောင်တွေဖြစ်တဲ့ ရဲရင့်အောင်၊ အကယ်ဒမီ ထက်ထက်မိုးဦး၊ အိချောပို၊ နန်းဆုဦး၊ ရွှေအိမ်စည်၊ အကယ်ဒမီရဲအောင်၊ မေသဉ္ဇာဦး၊ စိုင်းစည်တွမ်ခမ်း၊ ချမ်းမင်းရဲထွဋ်၊ လင်းခ၊ မိုးကောင်းကင်၊ ပိုင်စိုးသူ စတဲ့ သူတွေက ပါဝင်သရုပ်ဆောင်ထားကြတာလည်း ဖြစ်ပါတယ်။
“မာယာရထားမောင်းတဲ့မိန်းမ” ရုပ်ရှင်ဇာတ်ကားကြီးကို မနက်ဖြန် ဖေဖော်ဝါရီ ၂၁ ရက်မှာ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာလည်းဖြစ်ပါတယ်။