၁၆. ၁. ၂၀၂၃
Written By Thandar
“ကမ္ဘာကသိတဲ့ မြနန်းနွယ်”ဇာတ်လမ်းတွဲမှာ တံငါရွာသူလေးအဖြစ် ကာရိုက်တာပီပီပြင်ပြင် သရုပ်ဆောင် သွားမှာပါလို့ Main Winner ဆုရှင် Mrs. မေမုဒြာ က MT News Entertainment ကို ပြောပါတယ်။
“ကျွန်မကတော့ နန်းထိုက်စံ နာမည်နဲ့ ဒီ အမတော်မြနန်းနွယ်ကားမှာ ပါဝင်ရမယ်လို့ သိရတော့ အရမ်းပဲ ဝမ်းနည်း ဝမ်းသာလည်းဖြစ်မိပါတယ်။ ပျော်လည်း ပျော်ပါတယ်။ ကျွန်မတို့က အရမ်းဆင်းရဲတယ်။ ဆင်းရဲတော့ အမေက နေမကောင်းဖြစ်နေတယ်။ အမေ့ရဲ့ ဆေးဖိုးအတွက် ကျွန်မက ငါးသွားရောင်းရမယ်။ အမေကတော့ သမီးရုပ်ရည်နဲ့ ဘာလို့ ငါးသွားရောင်းမလဲပေါ့။ အဲဒီလိုပုံစံလေးနဲ့ ဇာတ်လမ်းလေးတည်ထားတယ်လို့ သိရပါတယ်။ ငါးသည်မလေး ကာရိုက်တာကို ပီပီပြင်ပြင်အကောင်းဆုံးကြိုးစားသရုပ်ဆောင်သွားမှာပါ”လို့ Main Winner ဆုရှင် Mrs. မေမုဒြာ က ပြောပါတယ်။
သူမကတော့ ဒါရိုက်တာကျော်ဟိန်းကျော် ရိုက်ကူးတဲ့ “ကမ္ဘာကသိတဲ့ မြနန်းနွယ်”ဇာတ်လမ်းတွဲမှာ ညီအစ်မခုနှစ်ဖော်ရှိတဲ့အထဲက မြနန်းနွယ်ရဲ့ ၆ ယောက်မြောက်အမနေရာကပါဝင်ရမယ်လို့ ဆိုပါတယ်။ လက်ရှိမှာ မြနန်းနွယ်ရဲ့ ညီအစ်မ ခုနှစ်ဖော်အတွက် သရုပ်ဆောင်တွေကို စိစစ်ရွေးချယ်နေတယ်လို့ သိရပါတယ်။
Mrs. မေမုဒြာကတော့ ၂၀၂၂ ခုနှစ် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပတဲ့ I am Model Search Mrs. International Main Winner ဆုကို ရရှိထားပြီး လက်ရှိ မလေးရှားနိုင်ငံမှာ ကျင်းပမယ့် အလှမယ်ပြိုင်ပွဲ တစ်ချို့မှာ ဒိုင်အဖြစ်ကမ်းလှမ်းခံထားရသူလည်းဖြစ်ပါတယ်။
“မေမုဒြာကို ရွေးချယ်ဖြစ်တာက အဘရဲ့ ဓာတ်နန်းဆောင်မှာ သမရိုးကျမဟုတ်ဘူး။ ပုဂ္ဂိုလ်တွေ မေတ္တာ ဖွဲ့စည်းပေးထားတာရတယ်။ အဘဆီလာရောက် တွက်ချက်ကြတဲ့အထဲမှာ ထူးခြားတဲ့ နိမိတ်တစ်ခုရတယ်။ နောက် ဦးဟိန်းကျော်လို့ခေါ်တဲ့ ငှက်လေးတစ်ကောင်ရှိတဲ့ အဲဒီငှက်လေးက အဘသွားတဲ့နေရာလိုက် အော်တတ်တယ်။ ဒီနေ့တော့ ထူးခြားလိမ့်မယ်ပေါ့။ အဲဒီငှက်လေးအော်တာနဲ့ သမီးရောက်လာတာ သွားတိုက်ဆိုင်တယ်။ တစ်ယောက်ထဲတော့ မဟုတ်ပါဘူး။ ညီအစ်မ ခုနှစ်ဖော်ထဲက လာမယ်ဆိုရင် အဲဒီငှက်လေးက အသံပေးပါတယ်။ သမီးအမတော်မြနန်းနွယ်ရဲ့ သာသနာပြုနေတဲ့ အထဲ သမီးလူဟောင်းတစ်ယောက်အနေနဲ့ တင်ခွင့်ရှိတယ်။ သမီးက မောင်နှံခုနှစ်ဖော်က နံပါတ် ၆ပေါ့။ ဒုတိယဘဝက ကြုံတွေ့ခဲ့ရတာကို သင်ပေးမယ်။ တစ်ခုတော့ ရှိတယ်။ ကား အစ အလယ် အဆုံးထိရိုက်ပေးရမယ်။ တကယ်ကိုထူးခြားတဲ့ သိုက်ဝင်ရုပ်အလောင်းဖြစ်တဲ့ အမတော်မြနန်းနွယ်ကို လှူဒါန်းတဲ့ ဒါနကုသိုလ်ဖြစ်ပါတယ်။ ဒါကြောင့် ရွေးချယ်ဖြစ်တာပါ”လို့ ဒါရိုက်တာကျော်ဟိန်းကျော်က ပြောပါတယ်။
ဦးကျော်ဟိန်းကျော်ကတော့ ဘာသာရေးကို အဓိကလုပ်ကိုင်ဆောင်ရွက်နေသလို ကျောက်ကပ်၊ ကင်ဆာ၊ လေးဖက်နာစတဲ့ ရောဂါတွေကို ဆေးကုသမှုကရရှိတဲ့ ငွေကြေးတွေနဲ့ “ကမ္ဘာကသိတဲ့ မြနန်းနွယ်”ဇာတ်လမ်းတွဲကို သိန်း ၁၂၀၀ ကျော် အကုန်အကျခံရိုက်ကူးနေလျက်ရှိပါတယ်။ ဒီဇာတ်ကားရဲ့ အပိုင်း ၆၀ နီးပါးကိုတော့ လွန်ခဲ့သော ၄ နှစ်ကတည်းက ဇာတ်ပို့ဇာတ်ရံ အယောက် ၁၀၀ နီးပါးနဲ့ သန်လျင်မြို့နယ် ငပကျေးရွာဘက်မှာ ရိုက်ကူးနေသလို အပိုင်း ၈၁ ပိုင်းအထိရိုက်ကူးမယ်လို့ လျာထားတာလည်းဖြစ်ပါတယ်။