




၁၉.၂.၂၀၂၅
Written By Thandar
သရုပ်ဆောင်နဲ့ပတ်သက်ပြီးတော့ အိုက်တင်ပိုင်း ပီပြင်မှုကြောင့် အကယ်ဒမီဆု ၇ ဆုအထိ ရရှိထားတဲ့ ထပ်ဆင့်အကယ်ဒမီ ရန်အောင်ကတော့ လက်ရှိအသက်အရွယ်မှာ ကာရိုက်တာရွေးချယ်ပိုင်ခွင့်မရှိဘဲ ဆေးစက်ကျရာ အရုပ်ထင်ရမယ်စိတ်နဲ့ ရိုက်ဖြစ်နေတယ်လို့ ဆိုပါတယ်။
“ကျွန်တော့်အနေနဲ့ ပျိုးဥယာဉ် ဇာတ်လေးက ကိုယ်မရိုက်ဖူးသေးတဲ့ ကာရိုက်တာလည်းဖြစ်လို့ပါ။ မရိုက်ဖူးဘူးဆိုတာက အရင်ရိုက်ဖူးတဲ့ ကာရိုက်တာက ကထိကတွေ ဘာတွေ ချမ်းသာကြွယ်ဝသူ တစ်ယောက် အနေနဲ့ ရိုက်ဖူးခဲ့တာပါ။ ဒီဇာတ်ကားက အသက်ရလို့ ပင်စင်နဲ့နားသွားတဲ့ ကျောင်းအုပ်ဆရာကြီးတစ်ယောက်ဖြစ်ခဲ့ဖူးတယ်။ ကင်ဆာဝေဒနာတွေ ကျောင်းအုပ်ဆရာကြီး ဦးစံငြိမ်းပေါ့။ သင်္ချာဆရာကြီးပေါ့။ ပင်စင်ထိန်းပြီးတော့ ဘော်ဒါဆောင်လေး ဖွင့်လိုက်တာပေါ့။ ရည်ရွယ်ချက်လေးလည်း ကောင်းတယ်။ သင်ခန်းစာ ယူစရာလေးတွေပါမယ်။ ကျောင်းသူ၊ ကျောင်းသား ၁၂ ယောက်ပါမယ်။ လမ်းကြောင်းမှားနေတာလေးတွေကို လမ်းမှန်ရောက်အောင် ဆွဲတင်ပေးသွားတဲ့ ဇာတ်လေးပေါ့။ ကျောင်းအုပ်ဆရာကြီးလုပ်ရတယ်။ ကြည့်လို့ကောင်းမယ်လို့လည်း ထင်ပါတယ်။ ကျွန်တော်တို့ အသက်အရွယ်မှာ ဇာတ်တွေကို ရွေးချယ်ပိုင်ခွင့်မရှိတော့ဘူးဆိုတော့ ဆေးစက်ကျရာ အရုပ်ထင်ရမယ် စိတ်နဲ့ ရိုက်ဖြစ်ပါတယ်။ နောက်တစ်ခုက Entertainment ဆိုတဲ့ စိတ်တစ်ခုနဲ့ ရိုက်တာပါ” လို့ ထပ်ဆင့် အကယ်ဒမီ ရန်အောင်က ပြောပါတယ်။
သူဟာတော့ Bo Bo Film Production က ထုတ်လုပ်တဲ့ “ပျိုးဥယျာဥ်” ရုပ်သံဇာတ်လမ်းတွဲမှာကျောင်းအုပ် ဆရာကြီး ဦးစံငြိမ်းနေရာက ပါဝင်သရုပ်ဆောင်ထားတာပါ။ ဒီဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်း မယ်ခိုင်က ရေးသားပြီး ဒါရိုက်တာ နေသူရိန်က ရိုက်ကူးကာ သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီရန်အောင်၊ မင်းဘုန်းမြတ်၊ တေဇလင်းရောင်၊ မင်းတော်ဝင်၊ မျိုးကိုကျော်၊ အကယ်ဒမီမေသန်းနု၊ ဆောင်းဝတ်ရည်မေ၊ သံသာညီ၊ ခြူးစစ်ဟန်၊ ရဲရင့်စည်သူ၊ အောင်လွင်မိုး၊ မင်းဒီပါကျော်၊ သားညီ၊ သွက်လက်၊ ယွန်းဝင့်လွှာအောင်၊ ခြူးခြူးဟန်နီ၊ သူဇာပွင့်၊ ပြည့်ပြည့်ဘုန်းမြတ်၊ တာတာတို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
အပိုင်း (၂၀) ပါဝင်မယ့် “ပျိုးဥယျာဉ်” ဇာတ်လမ်းတွဲကို မကြာခင် Mahar Application ကနေ စတင် ထုတ်လွှင့်ပြသမှာလည်း ဖြစ်ပါတယ်။
ရန်အောင်ကတော့ အကောင်းဆုံး အမျိုးသား ရုပ်ရှင်ဇာတ်ဆောင်ဆုအနေနဲ့ ၁၉၉၁ ခုနှစ်က မယ်သီတာ လို မိန်းကလေး ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီဆု၊ ၁၉၉၅ ခုနှစ်က ပုဂံမှာသာတဲ့လ ရုပ်ရှင်ဇာတ်ကားနဲ့ အကယ် ဒမီဆု၊ ၁၉၉၆ ခုနှစ်က အလင်းဖျော့ကောင်းကင်ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီဆု၊ ၁၉၉၈ခုနှစ်က ညမင်းသားရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီဆု၊ ၂ဝဝဝ ပြည့်နှစ်က မောဟမျဉ်းပြိုင်များ ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီဆု၊ ၂ဝဝ၆ ခုနှစ်က ဂုဏ်ရှိန်ပြင်းတဲ့ချစ်ခြင်းသိက္ခာ ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီဆု၊ ၂၀၂၃ ခုနှစ်မှာ စောင်နီလေးတစ်ထည် ရုပ်ရှင်ဇာတ်ကားနဲ့အကယ်ဒမီဆုတွေကို ရရှိထားတာပါ။