



၁၈.၂.၂၀၂၄
Written By Thandar
Triple Six Production က ဒရာမာဇာတ်လမ်းပုံစံ “မေတ္တာအမွေ ပုဂံပြည်”ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို ယနေ့ ဖေဖော်ဝါရီ ၁၈ ရက် ညနေ ၅ နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ သမ္မတရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ပုဂံဆိုတာက သမီးရဲ့ အသည်းနှလုံးလို့ ပြောလို့ရတယ်။ သမီးရဲ့ ပထမဦးဆုံးရုပ်ရှင်ဇာတ်ကားကြီးလို့။ အရမ်းရင်ခုန်တာပေါ့။ တစ်ခါမှမင်းသမီးလည်း မဖြစ်ဖူးဘူးလေ။ ခုလိုမျိုး ကိုယ့်ပုံကြီးကို သေချာလုပ်ထားတာမို့ ဒီလိုမြင်ရတာ အရမ်းဝမ်းသာတယ်။ ပရိသတ်အများကြီး မီဒီယာအများကြီး တွေ့ရလို့ ဝမ်းသာပါတယ်”လို့ သရုပ်ဆောင် Kansuda Chanakeoree@မီးမီးက ပြောပါတယ်။
အဆိုပါရုပ်ရှင်ဇာတ်ကားကြီးကို ဇာတ်လမ်း ဇာတ်ညွှန်း ငြိမ်းမင်း၊ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်က သရုပ်ဆောင်တွေဖြစ်တဲ့ ကျော်ထက်အောင်၊ အိအိအောင်ထွန်း၊ ဧကရီစုစံ၊ မေသန်းနုနဲ့အခြားသရုပ်ဆောင်များစွာနဲ့ ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။
“ပုဂံကို ကျွန်တော် ချစ်မြတ်နိုးမှုကြောင့် တတိယမြောက် ကိုယ့်စိတ်ကြိုက်ပုံဖော်ခွင့်ရတဲ့ဇာတ်ကားပါ။ ကျွန်တော် ဒါရိုက်တာလုပ်ခွင့်ရချိန်မှာ ကျွန်ဆိုတဲ့ ရုပ်ရှင်ကားရိုက်တယ်။ နှလုံးသားထဲက ဧရာဝတီရိုက်ဖြစ်ခဲ့တယ်။ ပုဂံက ရိုးရာယဉ်ကျေးမှု အလှအပတွေအပြင် မြန်မာ့ရိုးရာအကတွေကို သေချာထည့်သွင်းထားပါတယ်”လို့ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်က ပြောပါတယ်။