





၁၈.၂.၂၀၂၅
Written By Thandar
Hunk Film Production က အက်ရှင်ဇာတ်လမ်းပုံစံ “ZOE 1000” ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေးပွဲအခမ်းအနားကို ယနေ့ ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၈ နာရီက ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော့်အနေနဲ့ ဒါရိုက်တာဆိုပြီး အမည်မခံဘဲ ရိုက်ကူးထားတဲ့ တချို့ကားတွေလည်း ရှိပါတယ်။ ဒီကားကြမှ ကိုယ့်နာမည်ထုတ်ပြီး ရိုက်ဖြစ်တာပါ။ အက်ရှင်ဇာတ်ကားကို အရင်ရိုက်ဖူးတဲ့ အက်ရှင်ဇာတ်လမ်းတွေနဲ့ မတူဘဲ တခြားဇာတ်အိမ်လေးနဲ့ပါ။ တကယ်တော့ ဒီကားကို လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်လောက်ကတည်းက ဇာတ်တည်ထားပေမယ့် ခုကြမှ အကောင်အထည်ဖော်ပြီး ရိုက်ကူးဖြစ်တာပါ။ အရင်ရိုက်ခဲ့တဲ့ Zoe 1000 နဲ့ ပုံစံမျိုးကိုမှ ထူးခြားမှုလေးတွေလည်း ပါပါမယ်”လို့ ဒါရိုက်တာ သူထူးစံက ပြောပါတယ်။
ဒီဇာတ်ကားကို ဇာတ်လမ်း THS၊ ဇာတ်ညွန်း THS၊ ဒီရေလှိုင်းနဲ့ ပြေငြိမ်းတို့က ရေးသားပြီး DOP အကယ်ဒမီ အာကာတိုး၊ တွဲဖက်ဒါရိုက်တာ1 Dwin၊ ဒါရိုက်တာ သူထူးစံက ဖေဖော်ဝါရီ တတိယပတ်လောက်မှာ ရန်ကုန်မြို့နယ်၊ သန်လျင်မြို့နယ်ကျေးလက်ဒေသတချို့မှာ ရိုက်ကူးသွားမှာလည်းဖြစ်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ သူထူးစံ ၊ အေးချမ်းမောင် ၊ စိုင်းစည်တွမ်ခမ်း ၊ ရွှေသမီး၊ အောင်လေး၊ နေရဲ၊ နေ့သစ်အေးအောင်၊ မင်းဟိဏ်း၊ ဘုန်းလျှံ၊ ငှက်ပျောကြော်၊ နိုင်လူ၊ မင်းဇော်၊ ကောင်းစည်သူ၊ ဥက္ကာကျော်၊ ကိုသက်၊ အောင်ကောင်းဆက်၊ ပြည့်ကောင်းစုသန့်၊ ချောသိင်္ဃာကို၊ ဧည့်သည်သရုပ်ဆောင် အကယ်ဒမီ မို့မို့မြင့်အောင် ၊ နေထက်လင်း၊ ကိုမိုးသူ၊ Black-Z Stunts နဲ့ အနုပညာရှင်များစွာပါဝင်ထားကြပါတယ်။