
၁၇.၂.၂၀၂၅
Translated by Htwe Ko Tun
တရုတ်နိုင်ငံရဲ့ DeepSeek ဉာဏ်ရည်တုနည်းပညာ အက်ပလီကေးရှင်းက အသုံးပြုသူရဲ့ အချက်အလက်တွေကို ထိန်းချုပ်ရယူနိုင်တယ်လို့ သုံးသပ်ရတဲ့အတွက် DeepSeek ကိုတောင်ကိုရီးယားနိုင်ငံအတွင်း ဒေါင်းလုဒ် ပြုလုပ်လို့ရမှာမဟုတ်ဘူးလို့ တောင်ကိုရီးယားအာဏာပိုင်တွေက ဖေဖော်ဝါရီလ ၁၇ ရက်မှာ ပြောကြားခဲ့ကြပါတယ်။
DeepSeek ရဲ့ အမှန်တကယ်အသုံးပြုမယ့်သူတွေအတွက် R1 စကားပြော ကွန်ပျူတာဆော့ဖ်ဝဲလ်က ကုန်ကျစရိတ်မှာ တစ်စိတ်တစ်ပိုင်းသာရှိပေမယ့် ပြိုင်ဘက် အနောက်အုပ်စုရဲ့ ဉာဏ်ရည်တုနည်းပညာ စကားပြောဆော့ဖ်ဝဲလ်တွေနဲ့ တန်းတူစွမ်းဆောင်နိုင်ရည်ရှိတာကြောင့် ရင်းနှီးမြှုပ်နှံသူတွေနဲ့လုပ်ငန်း အတွင်းကလူတွေကိုပါ အံ့အားသင့်စေခဲ့ပါတယ်။
ဒါပေမယ့် နိုင်ငံတချို့ကတော့ DeepSeek ရဲ့သုံးစွဲသူအချက်အလက်တွေကို သိမ်းဆည်းမှုအပေါ် မေးခွန်း ထုတ်ခဲ့ကြပါတယ်။ ဒီနိုင်ငံတွေက DeepSeek ရဲ့သုံးစွဲသူအချက်အလက်တွေကို တရုတ်ပြည်သူ့သမ္မတ နိုင်ငံရှိလုံခြုံသော ဆာဗာများမှာ စုဆောင်းသိမ်းဆည်းထားတယ်လို့ ဆိုခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၁၇ ရက်မှာတော့ တောင်ကိုရီးယားရဲ့ ပုဂ္ဂိုလ်ရေးရာတစ်ဦးချင်းအချက်အလက် ကာကွယ် ရေးကော်မရှင်က DeepSeek ရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်စုဆောင်းမှု လုပ်ငန်းစဉ်တွေကို ပြန်လည်သုံးသပ်မှုမပြီးမချင်း DeepSeek ကို တောင်ကိုရီးယားမှာ ဒေါင်းလုဒ်ပြုလုပ်လို့ရမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
ဒီလိုစိုးရိမ်ရမှုတွေ ပျံ့နှံ့မလာစေဖို့ လိုအပ်တဲ့ လုပ်ငန်းတွေဆောင်ရွက်နေခိုက်မှာ DeepSeek အနေနဲ့ သူ့ရဲ့လုပ်ငန်းတွေကို ခေတ္တရပ်ဆိုင်းထားဖို့ ကော်မရှင်ရဲ့ အကြံပြုချက်ကို DeepSeek က လက်ခံခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် အက်ပလီကေးရှင်းကို ဒေါင်းလုဒ် ပြုလုပ်ပြီးသူတွေအနေနဲ့တော့ စကားပြောဆော့ဖ်ဝဲလ်ကို ဆက်လက်အသုံးပြုနေနိုင်မှာပါ။
တောင်ကိုရီးယားအချက်အလက်ကာကွယ်ရေးအေဂျင်စီကတော့ နောက်ဆုံးသုံးသပ်တွေ့ရှိချက်တွေကို ကြေညာပြီးတဲ့အထိ DeepSeek ကို သတိပြုသုံးစွဲကြဖို့ ပြောခဲ့ပါတယ်။
ဩစတြေးလျနဲ့ အီတလီတို့ကလည်း DeepSeek ကို သူတို့နိုင်ငံတွေမှာ ပိတ်ပင်မှုတွေ ပြုလုပ်ထားပါတယ်။အမေရိကန်ပြည်ထောင်စု လွှတ်တော်အမတ်တွေကလည်း ပုဂ္ဂိုလ်ရေးရာတစ်ဦးချင်း အချက်အလက်လုံခြုံရေးအတွက်လို့ဆိုကာ အစိုးရကိရိယာတွေမှာ DeepSeek အသုံးပြုမှုပိတ်ပင်တဲ့ဥပဒေကို အဆိုပြုထားကြပါတယ်။
ဒီလိုပိတ်ပင်မှုတွေကို တရုတ်အစိုးရက ဆန့်ကျင်ခဲ့ပြီး စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ နည်းပညာကိစ္စရပ်တွေမှာ နိုင်ငံရေးကိစ္စတွေ ရောထွေးဆောင်ရွက်နေတယ်လို့ ရှုတ်ချခဲ့ပါတယ်။
Ref- Reuters