၁၆. ၁. ၂၀၂၃
Written by Nay Aung
ကမ္ဘာ့ကုမ္မဏီကြီးများသည် မြန်မာ့တပ်မတော်ကို စစ်လက်နက်ပစ္စည်းများရရှိရန် အကူညီပေးလျက်ရှိနေပြီး အနည်းဆုံးနိုင်ငံပေါင်း ၁၃ နိုင်ငံမှ ကုမ္ပဏီကြီးများက မြန်မာ့တပ်မတော်ကို စစ်လက်နက်ပစ္စည်းများရရှိရန်နှင့်ကိုယ်ပိုင်ထုတ်လုပ်နိုင်ရန် ကူညီပေးလျက်ရှိနေကြောင်း ကုလသမဂ္ဂထိပ်တန်းသံတမန်ဟောင်းများက ထုတ်ဖော်ပြောဆိုလိုက်သည်။
ကုလသမဂ္ဂသံတမန်ဟောင်းများဖြစ်သော ရန်ဟီးလီ၊ ခရစ်ဆီဒေါ့တီနှင့် မာဇူကီ ဒါရူစ်မန်တို့ ဦးဆောင်ဖွဲ့စည်းထားသော မြန်မာ့အရေးအထူးအကြံပေးကောင်စီအဖွဲ့ (Special Advisory Council on Myanmar SAC-M) ၏ထုတ်ပြန်ချက်တွင် ယင်းကဲ့သို့ဖော်ပြထားခြင်းဖြစ်ကြောင်းသိရသည်။
အနောက်အုပ်စုနိုင်ငံများသည် မြန်မာနိုင်ငံကို အထီးကျန်နိုင်ငံဖြစ်စေရန် ပိတ်ဆို့မှုများချမှတ်ထားသော်လည်း အမေရိကန်၊ ပြင်သစ်၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့သည် မြန်မာ့တပ်မတော်ကို စစ်လက်နက်ပစ္စည်းများ ရယူနိုင်ရန် ကူညီပေးနေသည့် နိုင်ငံများထဲတွင် ပါဝင်လျက်ရှိနေကြောင်း သိရသည်။
မြန်မာ့တပ်မတော်သည် လက်နက်ကိုင်အဖွဲ့များကို ဖြိုခွင်းနိုင်ရန်အတွက် ပြည်တွင်းထုတ်ကိုယ်ပိုင်လက်နက်များကို အသုံးပြုနေပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် မြန်မာ့တပ်မတော်ကို စစ်လက်နက်ပစ္စည်းများရောင်းချလျက်ရှိနေကြောင်း ဖော်ပြထားသည်။
SAC-Mအဖွဲ့၏ထုတ်ပြန်ချက်ထဲတွင် “မြန်မာစစ်တပ်ဟာ စစ်လက်နက်သုံးပစ္စည်းတွေကို ပြည်တွင်းမှာပဲ ကိုယ်တိုင်ထုတ်လုပ်နိုင်တယ်” ဟုဆိုသည်။
ကမ္ဘာနိုင်ငံအချို့က ကုမ္ပဏီများသည် မြန်မာ့တပ်မတော်ကို ကုန်ကြမ်းများနှင့်စက်များ ကူညီပေးသလို လေ့ကျင့်သင်ကြားပေးခြင်းများလည်း ရှိနေကြောင်း အဆိုပါလက်နက်များကို နယ်စပ်ဒေသကာကွယ်ရာတွင် အသုံးပြုခြင်းမရှိကြောင်း ဖော်ပြထားသည်။
ကုလသမဂ္ဂ လူအခွင့်ရေးအဖွဲ့၏ အထူးကိုယ်စားလှယ်ဟောင်းဖြစ်သူ ရန်ဟီးလီက မြန်မာနိုင်ငံသည် ပြည်တွင်းတွင်ထုတ်လုပ်သော လက်နက်များကို ပြည်ပသို့တင်ပို့ခြင်းမရှိကြောင်း၊ ပြည်တွင်းလက်နက်ကိုင်အဖွဲ့များကို ဖြိုခွင်းရန်အတွက် ပြည်တွင်းထုတ်လက်နက်များကိုအသုံးပြုနေကြောင်း ဆိုခဲ့သည်။
မြန်မာနိုင်ငံတွင်အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်နိုင်ငံတကာ၏ ပိတ်ဆို့မှုများသည် မြန်မာ့တပ်မတော်ကို မြေမြှုပ်မိုင်း၊ ဗုံးများ၊ ဒုံးကျည်လောင်ချာများ၊ လက်ပစ်ဗုံးများ၊ လေယာဉ်ပစ်လက်နက်များ၊ စနိုက်ပါများအပါအဝင် စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်နိုင်ခြင်းကို ရပ်တန့်နိုင်ခြင်းမရှိကြောင်းလည်း SAC-Mအဖွဲ့က ထုတ်ဖော်ပြောကြားခဲ့သည်။
ref,BBC
စိန်ရတုလွတ်လပ်ရေးနေ့က တပ်မတော်ပြသခဲ့သည့် လက်နက်များကို တွေ့ရစဥ်