၁၆. ၁. ၂၀၂၃
Translated by Htwe Ko Tun
ဇန်နဝါရီ ၁၅ ရက်က နီပေါနိုင်ငံ၊ ပေါ့ကရာမြို့သို့ပျံသန်းလာသည့် ATR 72 ပျက်ကျခဲ့မှု၌ လေယာဉ်ပါ်တွင်လိုက်ပါလာသူ ၇၂ ဦးစလုံး သေဆုံးကြဖွယ်ရှိကြောင်း ကယ်ဆယ်ရေးသမားများက ဇန်နဝါရီ ၁၆ ရက်နံနက်တွင်ပြောကြားခဲ့ကြသည်။
ဇန်နဝါရီ ၁၆ ရက် နံနက်အထိ ကယ်ဆယ်ရေးသမားများက လူ ၆၈ ဦး၏ အလောင်းများကို ပြန်လည်တွေ့ရှိခဲ့ပြီးဖြစ်သည်။ ပျောက်ဆုံးနေသူ လေးဦးကို ဆက်လက်ရှာဖွေနေဆဲဖြစ်သော်လည်း ၎င်းတို့မှာလည်း အသက်ရှင်ကျန်ရစ်ဖွယ်မရှိဟု ယူဆရသည်။ လေယာဉ်ပေါ်တွင် နီပေါနိုင်ငံသား ၅၇ ဦး၊ အိန္ဒိယနိုင်ငံသား ၅ ဦး၊ ရုရှားနိုင်ငံသား ၄ ဦး၊ တောင်ကိုရီးယားနိုင်ငံသားနှစ်ဦးနှင့် အာဂျင်တီးနား၊အိုင်ယာလန်၊ သြစတြေးလျ နှင့် ပြင်သစ်နိုင်ငံများမှ တစ်ဦးစီလိုက်ပါလာကြောင်း Yeti လေကြောင်းလိုင်းက ပြောခဲ့သည်။
နီပေါနိုင်ငံမှ ပုဂ္ဂလိကလေကြောင်းလိုင်းဖြစ်သော Yeti လေကြောင်းလိုင်း၏ အဆိုပါ ATR 72 လေယာဉ်က ကမ္ဘာလှည့်ခရီးသွားများလာရောက်ရာ ပေါ့ကရာမြို့၏ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မဆင်းသက်မီ မိနစ်ပိုင်းအလို နံနက် ၁၁ နာရီခန့်တွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။ နံနက် ၁၀း၅၀ နာရီအထိ လေယာဉ်နှင့်အဆက်အသွယ်ရသေးပြီး ထို့နောက်တွင် လေယာဉ်ပျက်ကျခဲ့ခြင်းဖြစ်သည်။
လေယာဉ်ပျက်ကျစဉ်က ရာသီဥတုမှာလည်း သာယာလျက်ရှိပြီး လေယာဉ်မည်သည့်အကြောင်းကြောင့် ပျက်ကျခဲ့သည်ကို မပြောနိုင်ကြသေးပေ။ ကယ်ဆယ်ရေးအဖွဲ့က လေယာဉ်၏ Black box ကို ရှာဖွေနေကြဆဲဖြစ်ကြောင်းသိရသည်။ လေယာဉ်ပျက်ကျမှုကြောင့် ဇန်နဝါရီ ၁၆ ရက်ကို ဝမ်းနည်းကြေကွဲခြင်းနေ့အဖြစ် နီပေါအစိုးရက ကြေညာခဲ့သည်။
Ref—- Reuters