၁၆. ၁. ၂၀၂၃
Written by Ye Kyaw
လျှပ်စစ်စွမ်းအား အခက်အခဲများကို နည်းလမ်းအမျိုးမျိုးဖြင့် ကျော်လွှားနိုင်သည်ဖြစ်သော်လည်း စက်သုံးဆီဈေးနှုန်းကြီးမြင့်မှုကို မိမိတို့အနေဖြင့် အခြားနိုင်ငံများနည်းတူ ရင်ဆိုင်ရလျက်ရှိကြောင်း ဇန်နဝါရီ ၁၅ ရက်တွင် စစ်ကိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်အတွင်းရှိ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဥ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
မြန်မာနိုင်ငံတွင် မော်တော်ယာဥ် တစ်သန်းကျော်၊ မော်တော်ဆိုင်ကယ် ခြောက်သန်းကျော်ရှိပြီး နေ့စဥ် စက်သုံးဆီ ဂါလန်ပေါင်းများစွာ သုံးစွဲလျက်ရှိသဖြင့် တတ်နိုင်သရွေ့ လောင်စာဆီ ချွေတာသုံးစွဲရန် တိုက်တွန်းလိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ဇန်နဝါရီ ၁၆ ရက်တွင် ပြည်တွင်း စက်သုံးဆီဈေးနှုန်းများသည် ဓာတ်ဆီ 92 တစ်လီတာ ၂၁၃၅ ကျပ်၊ ဓာတ်ဆီ 95 တစ်လီတာ ၂၁၉၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂၄၁၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၂၄၉၀ ကျပ် အသီးသီးရှိကြောင်း ပြည်တွင်းစက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။
စက်သုံးဆီအသုံးပြုရန်မလိုသည့် စက်ဘီးကဲ့သို့ ယာဥ်များကို တိုင်းချစ်ပြည်ချစ်စိတ်ဖြင့် အသုံးပြုရန် SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကချင်ပြည်နယ်ရှိ MSME လုပ်ငန်းရှင်များနှင့် ဒီဇင်ဘာ ၁၃ ရက်က တွေ့ဆုံစဥ်ပြောကြားထားသည်။
ကချင်ပြည်နယ်ရှိ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့စဥ် မိမိတို့နိုင်ငံတွင် ရေအားလျှပ်စစ်များထုတ်လုပ်မည်ဆိုပါက မီဂါဝပ် ၄၀၀၀၀ ခန့် ထုတ်လုပ်နိုင်မည်ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် စီမံကိန်းများ ရပ်တန့်ခဲ့ရကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် စက်သုံးဆီများကို ပြည်ပမှနှစ်စဉ်တင်သွင်းနေရမှုကြောင့် နိုင်ငံခြားငွေသုံးစွဲမှုများ များစွာကုန်ကျနေကြောင်း ထိုကြောင့် ကုန်စည်ပို့ဆောင်ရေးတွင်လည်း စက်သုံးဆီသုံးစွဲမှုနည်းပါးပြီး ကုန်စည်များစွာကို ပို့ဆောင်နိုင်သည့် ရထားဖြင့် သယ်ယူပို့ဆောင်ခြင်းကို ဆောင်ရွက်ရမည်ဖြစ်ကာ တစ်ဦးချင်းချွေတာသုံးစွဲမည်ဆိုပါက နိုင်ငံခြား ငွေကုန်ကျမှုများ လျော့နည်းသွားမည် ဖြစ်ကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားထားသည်။