
၁၆ .၂ .၂၀၂၅
Written by Hey Mar
အရပ်လက်သည်နဲ့ နေအိမ်မှာ ကလေးမီးဖွားရာက အမွှာသမီးငယ်နှစ်ဦးအနက် တစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ် ဖေဖော်ဝါရီ ၁၆ ရက်နေ့ မနက်အစောပိုင်းက ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၆၀) ရပ်ကွက်အပိုင် အာဆီယံကမ်းနားလမ်းထဲက ကျူးကျော်နေအိမ်တစ်လုံးမှာ ဖြစ်ပွားခဲ့တယ်လို့ ဒဂုံဆိပ်ကမ်းအခြေပြု အကြင်ကုသိုလ်ပြု ဘဘကြီးလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
မီးဖွားတဲ့ မိခင်မှာ အသက် လေးဆယ့်ငါးနှစ်အရွယ် ဖြစ်ပြီး အခု အမွှာ သမီးငယ်နှစ်ဦး ကိုယ်ဝန်မဆောင်မီ ရှေ့မှာ သားလေးဦးကိုမွေးဖွားဖူးတဲ့ မိခင်လို့ သိရပါတယ်။ အမွှာသမီးငယ်နှစ်ဦးမွေးဖွားစဉ် ပထမကလေးထွက်လာပြီး နောက်ကလေး ကျန်ရှိတာကို လက်သည်က မသိတာကတစ်ကြောင်း အချင်းကပ်နေတယ် အထင်နဲ့ ဗိုက်ကို လှည့်တာ ဖိတာတွေ ပြုလုပ်ကာ ပြုစုပေးနေရင်း နောက်ထပ်သမီးငယ်တစ်ဦး ထပ်မံ မွေးလာကာ ချက်ကြိုးတန်းလန်းနဲ့ မိခင်ကအချင်းမကျတဲ့အတွက် လူမှုကူညီရေးအသင်းက ဆေးရုံအချိန်မီ ပို့ပေးခဲ့ရတာလို့ သိရပါတယ်။


အကြင်နာကုသိုလ်ပြု ဘဘကြီးလူမှုကူညီရေးအသင်း တာဝန်ရှိသူက “ဒီဘက်မှာက ဆင်းရဲကြတာရော၊ အသိအားနည်းတယ်ပြောရမလားပဲ။ ဆေးရုံဆေးခန်း သွားမပြကြဘူး။ အခု ကလေးကိုယ်ဝန်ဆောင်တဲ့ အမျိုးသမီးကလည်း ဗိုက်ကို တစ်ခါမှ ဆေးရုံမပြဖူးဘူး။ အမွှာကိုယ်ဝန်ဆောင်ထားမှန်းလည်းမသိဘူး။ အရပ်လက်သည်နဲ့ မွေးခါနီးမှ ခေါ်မွေးတယ်။ မနိုင်တော့လို့ အသင်းကို ဆက်သွယ်အကူအညီတောင်းလာလို့ ဗဟိုအမျိုးသမီးဆေးရုံကြီးဆီ မနက် သုံးနာရီလောက်က ပို့ပေးခဲ့ပါတယ်။ အမေနဲ့ ကလေးတစ်ဦး ကယ်နိုင်တယ်။ အငယ်လေးက လမ်းမှာတင်ဆုံးသွားပါတယ်” လို့ MT News ကို ပြောပါတယ်။
ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်မှာ မြို့နယ်ဆေးရုံ ၊ ဒေသန္တရ ကျန်းမာရေးဆေးပေးခန်းအပြင် ဒေါပုံမြို့နယ် ပြည်သူ့ဆေးရုံနဲ့လည်း နီးပေမယ့် အဲ့ဒီမြို့နယ်ဘက် ကျူးရပ်ကွက်တွေမှာ နေထိုင်သူအများစုကဆေးရုံ ဆေးခန်းသွားဖို့ လူခွဲမရှိတာမျိုး၊ ငွေကြေးမပြည့်စုံတာမျိုးတွေကြောင့် အရပ်လက်သည်ထံ ငွေကျပ် တစ်သောင်း၊ တစ်သောင်းခွဲခန့်နဲ့ အပ်နှံ မွေးဖွားကြတယ်လို့လည်း အဆိုပါ လူမှုကူညီရေးအသင်းက ရှင်းပြပါတယ်။
အကြင်နာကုသိုလ်ပြု ဘဘကြီးလူမှုကူညီရေးအသင်း တာဝန်ရှိသူက “ပြီးခဲ့တဲ့ ၂၀၂၂ တုန်းကလည်း ကျွန်တော်တို့ အခုရပ်ကွက်မှာပဲ လက်သည်နဲ့ ကလေးမွေးရင်း ကလေးသေဆုံးမှု ဖြစ်ခဲ့သေးတယ်။ အဲဒီတုန်းက ယောက်ျားလေး။ ဒီမနက်တော့ မြို့နယ်ဒေသန္တရကို သွားအကြောင်းကြားတော့ ဆရာဝန်ကြီးက တစ်ပတ်တစ်ရက် ဒီဘက်ရပ်ကွက်တွေထဲကို ကွင်းဆင်းပြီး ကျန်းမာရေးဗဟုသုတ၊ သားဆက်ခြား ဗဟုသုတနဲ့ ကိုယ်ဝန်ဆောင်ဆိုရင်လည်း ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးမယ်ပြောတယ်။ ဆောင်ရွက်ပေးထားဖို့ ညွှန်ကြားလိုက်ပါတယ် ” လို့ ဆိုပါတယ်။