MT News
Translated by Htwe Ko Tun
သယံဇာတအရင်းအမြစ်များပေါကြွယ်ဝသည့် ရေကြောင်းသွားလာရေးနယ်မြေအတွင်း ဝင်ရောက်လာခဲ့သော တရုတ်ကမ်းခြေစောင့်ရေတပ်သင်္ဘောတစ်စီးအားစောင့်ကြည့်ရန် အင်ဒိုနီးရှားရေတပ်မှစစ်သင်္ဘောတစ်စီးကို မြောက်ပိုင်း နာတူနာပင်လယ်သို့ စေလွှတ်ခဲ့ကြောင်း အင်ဒိုနီးရှားရေတပ်အကြီးအကဲ လက်ဆာမာနာ မတ်ဒရာ မိုဟာမက်အလီက ဇန်နဝါရီ ၁၄ ရက်တွင် ပြောသည်။
အဆိုပါနယ်မြေရေပြင်ကို တရုတ်နှင့် အင်ဒိုနီးရှားနှစ်ဘက်စလုံးက မိမိတို့ပိုင်နက် ရေပြင်များအဖြစ် သတ်မှတ်ကြေညာထားကြသည်။ စောင့်ကြည့်အချက်အလက်များအရ တရုတ်ကမ်းခြေစောင့်ရေတပ်သင်္ဘောမှာ CCG 5901 ဖြစ်ပြီး အင်ဒိုနီးရှား၏ တူနာလုပ်ကွက်သဘာဝဓာတ်ငွေ့မြေနှင့် ဗီယက်နမ်၏ ချင်ဆော ရေနံနှင့်ဓာတ်ငွေ့မြေအနီးတို့တွင် ဒီဇင်ဘာလ ၃၀ ရက်မှ စတင်ဝင်ရောက်လာခဲ့ခြင်းဟုသိရသည်။
လက်ဆာမာနာ မတ်ဒရာ မိုဟာမက်အလီက အဆိုပါတရုတ်ကမ်းခြေစောင့်ရေတပ်သင်္ဘောကို စောင့်ကြည့်ရန် အင်ဒိုနီးရှားရေတပ်မှ စစ်သင်္ဘောတစ်စီး၊ ရေကြောင်းကင်းလှည့်ရေးလေယာဉ်တစ်စီးနှင့် မောင်းသူမဲ့လေယာဉ်တစ်စီးတို့ကို ပူးတွဲစေလွှတ်ထားကြောင်းပြောခဲ့သည်။
ထို့ပြင် လက်ဆာမာနာက တရုတ်ကမ်းခြေစောင့်ရေတပ်သင်္ဘောအနေဖြင့် သံသယဖြစ်စရာလှုပ်ရှားမှုများ မပြုလုပ်သေးကြောင်း၊ သို့သော် အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေးဇုံရေပြင်အတွင်းကျရောက်နေ၍စောင့်ကြည့်သွားမည်ဟု ပြောခဲ့သည်။
ဂျာကာတာမြို့ရှိ တရုတ်သံရုံးကမူ ထိုကိစ္စအပေါ်တစ်စုံတစ်ရာမပြောဆိုသေးဟုသိရသည်။ ကုလသမဂ္ဂ ပင်လယ်ပြင်ပိုင်နက်သဘောတူညီမှုအရ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးပိုင်နက်ရေပြင်အတွင်း အခြားနိုင်ငံများကဖြတ်သန်းသွားလာနိုင်သည်။ သို့သော် ထိုနယ်မြေအတွင်း တရုတ်နိုင်ငံက ၎င်း၏ပိုင်နက်ရေပြင်အတွင်း ကျရောက်နေ၍ အင်ဒိုနီးရှားအား တူနာလုပ်ကွက်တွင် ဓာတ်ငွေ့တူးဖော်ခြင်းရပ်တန့်ရန် တိုက်တွန်းထားသည်။
Ref—Reuters