
၁၆. ၂. ၂၀၂၅
Written by Nyein Kyaw
ပြည်တွင်းပြည်ပ စွက်ဖက်မှုမျိုးစုံနှင့် Exile မီဒီယာများ မဟုတ်မမှန် သတင်းတု သတင်းမှားများ ထုတ်ဖော်ပြသနေခြင်းတို့က နိုင်ငံအတွက် ကြီးမားသည့်အန္တရာယ်ဖြစ်သည့်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV)အပါအဝင် ဝန်ကြီးဌာနအောက်ရှိ ဌာနအသီးသီးအနေဖြင့် နိုင်ငံတော်မီဒီယာဖြစ်သည်နှင့်အညီ ပြည်ထောင်စုကြီး မပြိုကွဲအောင်၊ အချုပ်အခြာအာဏာ တည်တံခိုင်မြဲအောင် ကြိုးပမ်းအကောင်အထည်ဖော်ပေးကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယမန်နေ့က ပြုလုပ်သည့် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၉) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ပြောကြားသည်။

အမိနိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန်မှာ နိုင်ငံတစ်ဝန်းလုံးတွင် နေထိုင်ကြသည့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ ဆန္ဒအမှန်ဖြစ်သကဲ့သို့ တောင်ပေါ်မြေပြန့် တိုင်းရင်းသားအားလုံးက ညီရင်းအစ်ကို မောင်ရင်း နှမသဖွယ် ချစ်ခင်ရင်းနှီးစွာအတူတကွ နေထိုင်လိုကြသည့် ဆန္ဒအမှန်လည်းဖြစ်ကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။
သို့သော် ယခုအချိန်တွင် တိုင်းရင်းသားပြည်သူ များအတွင်း အချင်းချင်း သံသယဝင်အောင်၊ သွေးကွဲအောင်၊ မုန်းတီးမှုများဖြစ်လာအောင် သွေးခွဲရန်တိုက်မှုများ၊ မြှောက်ပင့်သွေးထိုးမှုများ၊ အကြမ်းဖက်တိုက်ခိုက်မှုများကို ပြည်တွင်းပြည်ပက စွက်ဖက်မှုမျိုးစုံနှင့် ပြုလုပ်နေကြသည်မှာ အထူးသဖြင့် ပြည်ဖျက်မီဒီယာများက သတင်းတု သတင်းမှားများနှင့် ကောလာဟလများကို မဟုတ်မမှန် ထုတ်ဖော်ပြသခြင်း၊ သတင်းမှားများ တင်ဆက်ခြင်းများကလည်း မိမိတို့နိုင်ငံအတွက် အလွန်အင်မတန်မှ ကြီးမားသည့် အန္တရာယ်ဖြစ်ကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။
ထို့ကြောင့် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား အပါအဝင် ဝန်ကြီးဌာနအောက်ရှိ ဌာနအသီးသီးအနေဖြင့် နိုင်ငံတော်မီဒီယာဖြစ်သည်နှင့်အညီ ပြည်ထောင်စုကြီး မပြိုကွဲအောင်၊ အချုပ်အခြာ အာဏာတည့်တံ့ခိုင်မြဲအောင်၊ နိုင်ငံတော်နှင့် ပြည်သူအတွက် ဆက်လက် ကြိုးပမ်းအကောင်အထည်ဖော်ပေးကြရန် အထူးမှာကြားလိုကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။
MRTV အနေဖြင့် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ခေတ်အဆက်ဆက်က MRTV ၏ ဝန်ထမ်းဟောင်းများက သူ့ခေတ်သူ့အခါအလိုက် တာဝန်ကျေပွန်ခဲ့ကြသည်ကို အသိအမှတ်ပြု ပြောကြားလိုကြောင်း၊ ဆက်လက်၍လည်း MRTV ၏ မျိုးဆက်သစ်ဝန်ထမ်းများကလည်း ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး အလျင်အမြန် ငြိမ်းချမ်းသာယာပြီး ဖွံဖြိုးတိုးတက်စေရန်၊ ရေရှည်တည်တံ့ခိုင်မြဲစေရန်၊ သမိုင်းပေးတာဝန်များကို ကျေပွန်အောင်ဆက်လက် ထမ်းဆောင်ကြရန် ထပ်ဆင့်မှာကြားလိုကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။