


၁၅.၂.၂၀၂၅
Written By Zun
သောင်ရင်းမြစ်ကိုဖြတ်ကူး၍ မဲဆောက်ဘက်ကို ခိုးဝင်သည့် မြန်မာနိုင်ငံသားများကို ကင်းလှည့်နေသည့် ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းမိခဲ့ကြောင်း ထိုင်းဒေသတွင်း သတင်းများအရ သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၁၄ ရက် ည ၁၁ နာရီကျော်အချိန်က ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ အမှတ်(၂)၊ ထာ့ဆိုင်လွှက်ကျေးရွာရှိ ထိုင်း-မြန်မာ အမှတ် (၁)တံတားအနီးတွင် ကင်းလှည့်နေသည့် လုံခြုံရေးအဖွဲ့က မသင်္ကာဖွယ်ရာ လူတစ်စုကိုတွေ့ရှိ၍ စစ်ဆေးရာမှ ခိုးဝင်လာသူများ ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါ အမျိုးသား ၁၃ ဦး ၊ အမျိုးသမီး ၁၀ ဦး တို့ ပါဝင်သော အဆိုပါ လူ ၂၃ ဦးကို မဲဆောက်ရဲစခန်း၌ ထိန်းသိမ်းထားပြီး ထိုင်းနိုင်ငံအတွင်း ခိုးဝင်မှုဖြင့် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
မဲဆောက်ရဲစခန်းက စစ်ဆေးရာ ၎င်းတို့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် သွားရောက်အလုပ်လုပ်ကိုင်ရန် အတွက် ကရင်ပြည်နယ်၊ မြဝတီမြို့က သောင်ရင်းမြစ်ကို ဖြတ်ကူး၍ ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်သို့ ခိုးဝင်လာခြင်းဖြစ်ကြောင်း ဝန်ခံ ထွက်ဆိုထားကြောင်း သိရသည်။
လက်ရှိတွင် ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်သော ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် လုံခြုံရေးတင်းကြပ်၍ စစ်ဆေးရေး ဂိတ်များဖြင့် ပိုက်စိပ်တိုက် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။