ခရစ်ယာန်ဘာသာဝင်တွေရဲ့ ဖိအားက ရှောင်နိုင်ဖို့ ပျူစောထီးသတ်တာလို့ မီဒီယာတချို့နဲ့ PDF ထောက်ခံသူတွေက ပုံဖျက်ရေးသားနေ

၁၅. ၂. ၂၀၂၅
Written by Nay Moe
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကန်ကြီးတောကျေးရွာက ကက်သလစ်ခရစ်ယာန်ကျောင်းထိုင် ဘုန်းကြီးကို ရွေဘိုဒေသခံ PDF တွေက လည်ပင်းကို ဓားနဲ့ခုတ်ဖြတ်သတ်လိုက်ပြီး သတ်ဖြတ်သူတွေကို ဖမ်းမိထားတယ်လို့ ဖြစ်စဥ်ကို ဝမ်းနည်းဆုတောင်းနေသူ ခရစ်ယာန်ဘာသာဝင်တွေနဲ့ မီဒီယာတွေရဲ့ ဖော်ပြမှုအရ သိရပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက် ည ၉ နာရီခန့်မှာ ရွှေဘိုမြို့နဲ့ ကျောက်မြောင်းမြို့ကြား ကန်ကြီးတောကျေးရွာက ကက်သလစ်ခရစ်ယာန်ဘုရားကျောင်းထဲကို တအုံရွာ PDF ဆယ်ဦးခန့်က ဝင်ရောက်လာပြီး ခရစ်ယာန်ဘုန်းကြီးကို လည်ပင်းလှီးဖြတ်သတ်လိုက်တာကြောင့် ဝင်ရောက်သတ်ဖြတ်ခဲ့သူ ၁၀ ဦးကို ရွှေဘိုခရိုင် တပ်ရင်း (၅) က ဖမ်းဆီးထိန်းသိမ်းထားတယ် မြေလတ်အသံသတင်းဌာနက ရေးသားထားပါတယ်။
“ရွာခံတွေကနေ လာတိုင်လို့ သင်းအုပ်ဆရာ(ဘုန်းကြီး)ကိုပေါ့ ဓားတွေနဲ့လည်းခုတ်ပြီးသတ်ထားတယ်ဆိုတော့ ကျနော်တို့သွားကြည့်တော့ Deadbody ပဲကျန်ခဲ့တယ်။ အဲမှာစုံစမ်းပြီးတော့ သတ်သွားတဲ့အဖွဲ့ကို ၉ နာရီကျော်လောက်မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်။”လို့ ရွှေဘိုခရိုင် တပ်ရင်း (၅) ဒေသတာဝန်ရှိသူက ပြောသလို သတ်ဖြတ်မှုကျူးလွန်သူတွေဟာ ရွှေဘိုမြို့နယ်၊ တအုံကျေးရွာ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဖြစ်တယ်လို့ သိရတဲ့အတွက် ခေါင်းဆောင် တိုက်ကော အပါ ၁၀ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး ဖမ်းမိချိန် သေနတ် ၅ လက်၊ ဓားရှည် ၁ လက်ကိုလည်း သိမ်းဆည်းရမိထားတဲ့အပြင် အရက်နံ့တွေလည်းရတယ်လို့ ရေးသားထားပါတယ်။
သတ်ဖြတ်ခံရတဲ့ ခရစ်ယာန်ဘုန်းကြီးရဲ့ လူအမည်က ရဲနိုင်ဝင်းဖြစ်ပြီး အသက်က ၄၄ နှစ်နဲ့ ခရစ်တော်မှာ အမှူထမ်းသက်က ၇ နှစ်ဖြစ်တဲ့ ဖာသာရ်ဒေါနယ်မာတင် (Fr. Donald Martin) ဟာ ကျင့်ဝတ်သိက္ခာနဲ့ ပြည့်စုံသလို PDF တွေက မူးယစ်သောက်စား လည်လှီးသတ်တာကြောင့် ဒီဖြစ်ရပ်ကို ပျူစောထီးတွေ ကျူးလွန်တာ၊ LPDF တွေ လုပ်တာပါလို့ NLD, NUG နဲ့ PDF ထောက်ခံသူတွေက ပုံဖျက်ရေးသား လှူံ့ဆော်မှုတွေလည်း လုပ်ဆောင်နေကြပါတယ်။