MT News
Written by Nay Aung
စင်ကာပူနိုင်ငံ Bedok အရပ်ရှိ ကွန်ဒိုမီနီယံကို မြန်မာလုပ်သားတစ်ဦး ဆေးသုတ်နေချိန်အတွင်း အထပ် လေးထပ်မှ ပြုတ်ကျသေဆုံးခဲ့ကြောင်းနှင့် အဆိုပါသေဆုံးမှုသည် စင်ကာပူနိုင်ငံ၏လုပ်ငန်းခွင်၌ ၂၀၂၃ခုနှစ်အတွင်း ပထမဆုံးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း စင်ကာပူလူအင်အားအရင်းမြစ်ဝန်ကြီးဌာန (MOM) က ဆိုသည်။
ထိုဖြစ်ရပ်သည် ပြီးခဲ့သည့် ဇန်နဝါရီ ၁၂ရက်နေ့ ညနေပိုင်းက Bedok Reservoir လမ်းတွင်ရှိသော Waterfront Isle ကွန်ဒိုမီနီယံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သေဆုံးခဲ့သူသည် မြန်မာနိုင်ငံသားတစ်ဦးဖြစ်ကာ ကွန်ဒိုမီနီယံကို အခြားအလုပ်သမားတစ်ဦးနှင့်အတူ ဆေးသုတ်နေချိန်တွင် ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်သည်။
“အလုပ်သမားနှစ်ဦးဟာ ကွန်ဒိုမီနီယံမှာ တစ်ဦးနဲ့တစ်ဦးအလှမ်းမဝေးတဲ့ နေရာကနေ Gondola စီးပြီး ဆေးသုတ်နေခဲ့တာဖြစ်တယ်။ သေဆုံးသူဟာ ကွန်ဒိုမီနီယံရှိအဆောက်အဦးရဲ့လေးထပ်ကနေ အောက်ကို ပြုတ်ကျခဲ့ပြီး ကွန်ကရစ်တွေနဲ့ထိခိုက်မိတယ် ” ဟု MOM ကဆိုသည်။
အဆိုပါ မြန်မာလုပ်သားသည် လေးထပ်မှ ပြုတ်ကျခဲ့ပြီးနောက် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာန၏ ဆေးဘက်အကူတစ်ဦးကပြောသည်။ စင်ကာပူအစိုးရအနေဖြင့် အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေပြီး အလုပ်သမားများကို Gondola အသုံးပြုကာ အလုပ်လုပ်ခြင်းများနှင့် လုပ်ငန်းခွင်အတွင်း မြင့်မားသည့်နေရာများတွင်အလုပ်လုပ်ခြင်းများကို ရပ်တန့်ရန် ညွှန်ကြားချက်များထုတ်ပြန်သွားဖွယ်ရှိနေသည်။
“အဲဒီအဖြစ်ပျက်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးသွားမှာဖြစ်တယ်။ အမှားအယွင်းတွေ့ရှိခဲ့ရင် တာဝန်ရှိသူတွေကို တရားစွဲဖို့ တုံ့ဆိုင်းနေမှာမဟုတ်ဘူး ” ဟု MOM ကဆိုသည်။
ref channelnewsasia