MT News
Written by Ye Kyaw
ရွှေလီအကောက်ခွန်ရုံး တရုတ်နှစ်သစ်ကူး တစ်ပတ်ပိတ်မည်ဖြစ်၍ တရုတ်ပြည်ဝင် ယာဉ်အထောက်အထားများ ကြိုတင်ဆောင်ရွက်ထားရန်နှင့် လက်ရှိဆောင်ရွက်နေသည့် ကျင်စန်းကျော့လမ်းကြောင်းရှိ ရှန်တိန်စနစ်ကိုလည်း ဖျက်သိမ်းလိုက်ကြောင်း မူဆည်မြို့ရှိ ပွဲရုံအချို့က အသိပေးထားသည်။
ရွှေလီအကောက်ခွန်ရုံးသည် တရုတ်နှစ်သစ်ကူး ဇန်နဝါရီ ၂၁ ရက်မှ ၂၇ ရက်အထိ တစ်ပတ်ပိတ်မည်ဖြစ်ပြီး ဝမ်တိန်အကောက်ခွန်(ဖရဲသခွားဝင်ပေါက်)ရုံးမှာလည်း ဇန်နဝါရီ ၂၁ ရက်မှ ၂၂ ရက်အထိ နှစ်ရက်ပိတ်မည်ဖြစ်ကြောင်း သိရသည်။
“တောင်သူ၊ ပွဲစား၊ အေးဂျင့်နှင့် ကားသမားများအနေဖြင့် ဝမ်တိန်ဝင်မည့်ကားများ”ဘေအန်”ခေါ် တရုတ်ပြည်ဝင်ယာဉ်အထောက်အထား (Document of Vehicle)လုပ်ရန်ကိစ္စများကို ကြိုတင်စီစဥ်ထားနိုင်ပါရန်အသိပေးအပ်ပါသည်” ဟု မူဆယ်မြို့ရှိ ခွာညိုသစ်သီးပွဲရုံမှ အသိပေးထားသည်။
ထို့ပြင် ဇန်နဝါရီ ၁၅ ရက် (မနက်ဖြန်)မှစ၍ ကျင်စန်းကျော့လမ်းကြောင်း ရွှေမိုင်းယုမှ ရွှေလွယ်အင်အထိ ရှန်တိန်စနစ်ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်းကိုလည်း ကြေညာထားသည်။
မြန်မာ-တရုတ်ကုန်သွယ်ရေး၏ အကြီးဆုံးကုန်းလမ်းဖြစ်သည့် ရွှေလီနယ်စပ်ဂိတ်တွင် ဖြတ်သန်းသွားလာမှုများ စတင်ခဲ့ပြီးနောက် ပြည်ဝင်သူများသည် ကျန်းမာရေးကုဒ် လျှောက်ထားရယူရန် မလိုအပ်တော့ဘဲ ၄၈ နာရီအတွင်း စစ်ဆေးထားသော ကိုဗစ်-၁၉ ရောဂါမရှိကြောင်း စစ်ဆေးမှုအစီရင်ခံစာကိုသာ လိုအပ်ကြောင်း တရုတ်သံရုံးက ဇန်နဝါရီ ၉ ရက်တွင် ကြေညာထားသည်။
ထို့ပြင် ပြည်ဝင်လာသည့် ကုန်တင်ကားများသည် ယာဥ်မောင်းနှင့် ယာဥ်၏အချက်အလက်များကို အကောက်ခွန်ဌာနထံ ကြိုတင်အကြောင်းကြားပြီး ပြည်ဝင်နိုင်ပြီဖြစ်ကြောင်း ဖော်ပြထားသည်။