
၁၅. ၂. ၂၀၂၅
Translated by Thettant
ခြောက်ဘီးထရပ်ကားပေါ် ပုန်းအောင်းလိုက်ပါလာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၄၀ ကျော်ကို ဖက်ချာဘူရီပြည်နယ်မှာ ချာအမ်းရဲစခန်းက ဖမ်းဆီးလိုက်ပါတယ်။
ချာအမ်းရဲစခန်းက ရဲမှူး Chaiyachon Arunrojrangsi ဟာ မနေ့က ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၁၀ နာရီအချိန်မှာ ခေါ့ယိုင်ခရိုင်က ဖတ်ခါဆမ်လမ်းမကြီးရဲ့ တောင်ဘက်ခြမ်းက စစ်ဆေးရးဂိတ်တစ်ခုမှာ စစ်ဆေးနေချိန် အနက်ရောင်တာပေါ်လင်စအုပ်ပြီးမောင်းလာတဲ့ လိုင်စင်နံပါတ် 71-2199 အစိမ်းရောင် ဟီးနိုးထရပ်ကားကို ရပ်တန့်စစ်ဆေးခဲ့တာပါ။


ဒီလို ရပ်တန့်စစ်ဆေးချိန် ယာဉ်မောင်းဖြစ်သူ ဝီရာဖန်ရဲ့ အပြုအမူက သံသယဖြစ်ဖွယ်ရှိတာကြောင့် ရှာဖွေမှုပြုလုပ်ခဲ့ရာမှာ တာပေါ်လင်အောက်မှာ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများစွာကို ယောက်ျားရော မိန်းမပါ အစုလိုက်အပြုံလိုက် ပြွတ်သိပ် ခေါ်ဆောင်လာတာကို တွေ့ခဲ့ရတာပါ။
ကုန်ကားပေါ်မှာ တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၄၁ ဦးတွေ့ရှိရပြီး ဒီအထဲမှာ အမျိုးသားကြီး ၄၉ ဦး၊ အမျိုးသမီးကြီး ၄၆ ဦးအပြင် လူငယ် ယောက်ျားလေး ၈ ဦးနဲ့ မိန်းကလေးငယ် ၃၈ ဦး ပါဝင်ဖမ်းမိခဲ့ပြီး သူတို့ကို ဆက်လက်စစ်ဆေးဖို့ ချာအမ်းရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
ဖမ်းမိဒရိုင်ဘာကို စစ်ဆေးမေးမြန်းရာမှာ ဝီရာဖန်က ရွှေ့ပြောင်းအလုပ်သမားတွေကို ရတ်ချာဘူရိပြည်နယ်ကနေ ဆောင်ခလာပြည်နယ် ဟတ်ရိုင်ကို ပို့ဆောင်ပေးဖို့ ငှားရမ်းခံထားရကြောင်းနဲ့ လိုရာခရီးမရောက်မီ ဖမ်းဆီးခံခဲ့ရကြောင်း ထွက်ဆိုထားပြီး လက်ရှိမှာတော့ ဝီရာဖန်နဲ့ ရွှေ့ပြောင်းလုပ်သား ၁၄၁ ဦး လိုအပ်တဲ့စစ်ဆေးအရေးယူမှုတွေ နေရပ်ပြန်လည်ပို့ဆောင်ဖို့တွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Ref, The Thaiger / Khaosod