
MT News
၁၅. ၂. ၂၀၂၅
နိုင်ငံတော်အနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော ပြည်ပနိုင်ငံသားများအား ရှာဖွေဖော်ထုတ်ဖမ်းဆီးပြီး ပြန်လည်လွှဲပြောင်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ မြဝတီမြို့နယ် ရွှေကုက္ကိုလ်တွင် လူကုန်ကူးခံထားရတဲ့ တရုတ်နိုင်ငံသား ၂၀၀ ဖမ်းမိ၊ တရုတ်နိုင်ငံလွှဲပြောင်းပေးရန် ဆောင်ရွက်နေသည်ဟု သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများအပေါ် အခွင့်ကောင်းယူ၍ ပြည်ပနိုင်ငံသား အချို့အနေဖြင့် EAO လက်နက်ကိုင်အဖွဲ့များအပါအဝင် ဆက်စပ်နေရာများမှ ကိုယ်ကျိုးစီးပွားရှာသူများ၏ ပါဝင်ပတ်သက်မှုများဖြင့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများတွင် ပါဝင်ဆောင်ရွက်နေသူများ၊ တရားမဝင် ဝင်ရောက်နေထိုင်သူများအား ရှာဖွေစိစစ်ဖော်ထုတ်ခြင်းနှင့် ပြန်လည်လွှဲပြောင်းခြင်းလုပ်ငန်းစဉ်ကို အလေးထားဆောင် ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ် နယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်း လောင်းကစားမှုများ လုပ်ဆောင်ရန်နှင့် ထိုင်းနိုင်ငံတွင် အလုပ်အကိုင်ရရှိရေး ငွေကြေးမက်လုံးပေးစည်းရုံးမှုများဖြင့် အဓမ္မ လူကုန်ကူးခြင်းခံရသည့် တရုတ်နိုင်ငံသား အမျိုးသား ၁၉၄ ဦး၊ အမျိုးသမီး ၆ ဦး၊ စုစုပေါင်း ၂၀၀ ဦး တို့အား ဖေဖော်ဝါရီ လ ၁၄ ရက် ညနေ ၇ နာရီချိန်ခန့်တွင် ဖော်ထုတ်ဖမ်းဆီးရမိခဲ့သဖြင့် လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်ကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ တရုတ်နိုင်ငံမှ တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံတော်အနေဖြင့် မြဝတီ-ရွှေကုက္ကိုလ်နယ်မြေအတွင်း လိမ်လည်မှုများ၊ လောင်းကစားမှုများနှင့် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို အမြန်ဆုံးစစ်ဆေးဖော်ထုတ်ပြီး သက်ဆိုင်ရာနိုင်ငံများသို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းပေးအပ်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။