
၁၅.၂.၂၀၂၅
Written by Hey Mar
လောက်ကိုင်မြို့ကနေ မန္တလေးကို စစ်ဘေးရှောင်လာသူ အမျိုးသမီးကြီးတစ်ဦး မန္တလေး ကျွဲဆည်ကန် ကားဝင်းအရောက် ဖုန်းခေါ်နေစဉ် ဖုန်းနဲ့ လက်ကိုင်ပိုက်ဆံအိတ် လုယက်ခံရမှုဖြစ်ပွားပြီး မန္တလေးရှိ ဆွေမျိုးသားချင်းတွေနဲ့ အဆက်အသွယ်ပြတ်တောက်နေတာကို မန္တလေးမြို့ခံ မြရည်နန္နာ လူမှုကူညီရေးအသင်းက ကူညီစောင့်ရှောက်ပေးနေတယ်လို့ သိရပါတယ်။
ဖြစ်စဉ်က လောက်ကိုင်ကနေ စစ်ဘေးရှောင်လာသူ ဒေါ်အားရှန်ဆိုသူ အသက် ၅၀ အရွယ် ရှမ်းအမျိုးသမီးကြီးက မနေ့က ဖေဖော်ဝါရီ ၁၄ ရက်နေ့ ညပိုင်းမှာ ကားကြီးကွင်းကို ရောက်ရှိလာပြီး မန္တလေးက ဆွေမျိုးကို ဆက်သွယ်ဖို့ ဖုန်းခေါ်နေစဉ် ဖုန်းနဲ့ ပိုက်ဆံအိတ်ကိုလုယက်သွားတာကြောင့် နေရပ်လိပ်စာလည်း အတိအကျမမှတ်မိသလို တယ်လီဖုန်းနံပါတ်လည်း မမှတ်မိတဲ့အတွက် အခက်အခဲ တွေ့နေတာပါ။
မြရည်နန္နာ လူမှုကူညီရေးအသင်းတာဝန်ရှိသူက “တိုင်းရင်းသူဆိုတော့ မြန်မာစကားလည်း ရေလည်အောင်တော့ မပြောတတ်ဘူး။ ကားကြီးဝင်းထဲက ကယ်ရီသမားတွေ တက္ကစီသမားတွေက သူ့အဖြစ်ကို သနားတော့ ကယ်ရီနဲ့ လိုက်ရှာပေးကြတယ်။ သူသိတာလည်း ဦးကျော်ဝင်း ဒေါ်စိန်ဖွေး ဆိုတာပဲ သိတယ်။ လမ်း၃၀ ဆိုတာပဲ သိပြီး ကြားလမ်းတွေ ဘာတွေမသိတော့ ရှာရခက်နေတာနဲ့ ကျွန်တော်တို့ရုံး လာပို့လို့ ကူညီထားတာပါ” လို့ MT News ကို ပြောပြပါတယ်။
လုယက်ခံရမှုကြောင့် မြန်မာကျပ်ငွေ ငါးသိန်းကျပ်နဲ့ တရုတ်ယွမ်ငွေ တစ်သောင်း၊ တယ်လီဖုန်းနဲ့ အထောက်အထား ထောက်ခံချက်စာရွက်စာတမ်းတချို့ လုယက်သူတွေ လက်ထဲပါသွားပြီး ဆွေမျိုးသားချင်းတွေနဲ့ အဆက်အသွယ်ပြတ်တောက်နေတာမို့ အဆိုပါ အမျိုးသမီးကြီးကို သိရှိပါက မြရည်နန္ဒာလူမှူကယ်ဆယ်ရေးအဖွဲ့ ဖုန်း 09 255255416 ထံ ဆက်သွယ်နိုင်ကြောင်းလည်း အသိပေးထားပါတယ်။