MT News
Written By Thandar
မနက်ဖြန်ဆို ဘာဖြစ်မယ်မသိရတဲ့ မသေချာတဲ့ဘဝမှာ နေနေရလို့ အလှူအတန်းကို ကြုံရင်ကြုံသလိုလှူပြီး နှစ်ဦးအလှူလည်းလုပ်ဖြစ်တယ်လို့ သရုပ်ဆောင် နန်းဆုရတီစိုးက ပြောပါတယ်။
“နန်းဆုရဲ့ နှစ်သစ်ရဲ့နှစ်ဦးအလှူလေးပါ။ နှစ်ဦးအလှူလေးကို နန်းဆုက ရန်ကုန်မြို့တွင်းမှာပဲ နေရာလေးတွေ ခွဲပြီးတော့လှူဖြစ်တယ်ပေါ့။ တကယ်လိုအပ်နေတဲ့ နေရာ ငါးနေရာမှာ လှူဖြစ်ပါတယ်။ နန်းဆုက နှစ်တိုင်းတော့ နှစ်သစ်အလှူလုပ်ဖြစ်ပါတယ်။ ဒီနှစ်အတွင်းမှာ နေရာလေးတွေ ခွဲပြီးလှူချင်ခဲ့တယ်။ အသက်ကြီးပြီး ဘာမှမလုပ်နိုင်တဲ့ ဖိုးဖိုးဖွားဖွားတွေလှူချင်တယ်။ အဆင်မပြေတဲ့ ကလေးလေးတွေလည်း လှူချင်တယ်။နာတာရှည်ရောဂါစွဲကပ်နေတာမျိုး ကင်ဆာဖြစ်နေတဲ့ ကလေးလေးတွေ လူနာတွေရောလှူချင်တယ်။ မွေးဖွားဖို့အခက်အခဲဖြစ်သူလှူချင်တယ်။ မျက်မမြင်လည်း လှူချင်တာမို့ နေရာစုံသွားဖြစ်တာပါ။ တစ်ရက်ထဲ စိတ်ကူးပြီးလှူဖြစ်တာပါ”လို့ သရုပ်ဆောင်နန်းဆုရတီစိုးက ပြောပါတယ်။
သူ့မကတော့ ဇန်နဝါရီ ၁၄ ရက်မှာ ရန်ကုန်မြို့တွင်းက ရန်ကုန်ဆေးရုံကြီး ၊ ဟယ်လ်ပင် ကလေးဆေးရုံ ၊ ကြည်မြင့်တိုင် မျက်မမြင်ကျောင်း ၊ မွန်မြတ်စိတ်ထားဘိုးဘွားရိပ်သာ ၊ အိမ်နေရာ အခက်အခဲဖြစ်နေတဲ့ အဖွားအို တစ်ယောက်အတွက်ပါ ကုသိုလ်နေရာငါးခုမှာ တစ်နေရာ ကျပ် ၁၀ သိန်းနဲ့ စုစုပေါင်း ကျပ်သိန်း ၅၀ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
“နန်းဆုရဲ့ အနုပညာကြေးထဲကနေ သပ်သပ်ဖယ်ပြီး ကုသိုလ်ပြုနှစ်ဦးအလှူလုပ်ဖြစ်တာပါ။ လှူဒါန်းချင်တဲ့ဆန္ဒရယ် မနက်ဖြန်ဆိုဘာဖြစ်မှန်းမသိတဲ့ မသေချာတဲ့ ဘဝနေနေရတော့ အလှူအတန်းက ကြုံရင်ကြုံသလိုလုပ်ဖြစ်ပါတယ်။ မနက်ဖြန် ဘာမှန်းမသိနိုင်ဘူးဆိုတဲ့စိတ်နဲ့လှူဒါန်းဖြစ်နေတာပါ”လို့ သူမက ဆက်လက်ပြောပါတယ်။