ချင်းမိုင်မြို့တွင် နေထိုင်သည့် အွန်လိုင်းဂိမ်းပိုင်ရှင်ဖြစ်သူ ထိုင်းနိုင်ငံသားနှင့် ဇနီးဖြစ်သူအပါအဝင် ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းမိရေး ဆောင်ရွက်နေ

၁၄. ၂. ၂၀၂၅
Written by Nyein Kyaw
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၌ တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုဆောင်ရွက်နေသော ထိုင်းနိုင်ငံသား ၇ ဦးအပါအဝင် စုစုပေါင်း ၂၉ ဦးအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် ထုတ်ပြန်ထားသည်။
ဖြစ်စဥ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ် မြို့နယ်အတွင်း တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် တာချီလိတ်မြို့၊ ဆန်ဆိုင်း(က) ရပ်ကွက်ရှိ ထိုင်းနိုင်ငံတွင် နေထိုင်သူ ဝယ်ဆန် ငှားရမ်းထားသည့် နေအိမ်တွင် အွန်လိုင်းလောင်းကစားတာဝန်ခံ မင်းကျော်နှင့် စကားပြန်၊ စာရင်းကိုင် ရီရီဖြိုးတို့ ၂ ဦးအပါအဝင် အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၅ ဦး၊ စုစုပေါင်း ၁၆ ဦးတို့ကို တရားမဝင် အွန်လိုင်းလောင်းကစားပြုလုပ်ရာ၌ အသုံးပြုသည့် Laptop ၆၁ လုံး၊ Flat Desktop ၃၂၉ လုံး၊ System(CPU) ၉၀ လုံး၊ ဖုန်းမျိုးစုံ ၉၀ လုံး၊ လိုင်စင်မဲ့မော်တော်ယာဉ် ၂ စီး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
လုံခြုံရေးပူးပေါင်းအဖွဲ့များက ဆက်လက်ရှာဖွေ ဖော်ထုတ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီလ ၁၃ ရက် ညနေပိုင်းတွင် အဆိုပါရပ်ကွက်အတွင်း နေထိုင်သည့် ထိုင်းနိုင်ငံသား အမျိုးသား ၇ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသား ၁ ဦး၊ အမျိုးသမီး ၅ ဦး စုစုပေါင်း ၁၃ ဦးတို့အား ကွန်ပျူတာ ၅၀ လုံး၊ ဖုန်းမျိုးစုံ ၃၀၀ လုံး၊ ဘိန်းစာရွက်(အစို) ၁ ကီလိုခန့်စီပါ ၄ ထုပ်၊ ဘိန်းစာရွက်ပြုတ်ရည် ၁ လီတာပါ ၁၀ ဗူးနှင့် ချောင်းဆိုးပျောက်ဆေးရည် ၃၀ ပုလင်းတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း(က) ရပ်ကွက်အတွင်း ဖေဖော်ဝါရီလ ၁၂ ရက်နေ့နှင့် ၁၃ ရက်တို့တွင် ဖမ်းဆီးရမိမှုအနေဖြင့် တရားမဝင်အွန်လိုင်း လောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်း လုပ်ကိုင်မှုများဖြစ်ကြသည့် ထိုင်းနိုင်ငံသား အမျိုးသား ၇ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၁၀ ဦး၊ စုစုပေါင်း ၂၉ ဦးတို့နှင့်အတူ ကွန်ပျူတာ မျိုးစုံ ၄၄၀ လုံး၊ System (CPU) ၉၀ လုံး၊ ဖုန်းမျိုးစုံ ၃၉၀ လုံး၊ လိုင်စင်မဲ့မော်တော်ယာဉ် ၂ စီး၊ ဘိန်းစာရွက်(အစို) ၁ ကီလိုခန့်စီပါ ၄ ထုပ်၊ ဘိန်းစာ ရွက်ပြုတ်ရည် ၁ လီတာပါ ၁၀ ဗူး၊ ချောင်းဆိုးပျောက်ဆေးရည် ၃၀ ပုလင်းနှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့သည်။
အဆိုပါဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များအရ ထိုင်းနိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံ၊ တာချီလိတ်မြို့သို့ အလည်အပတ်နှင့် အလုပ်လုပ်ကိုင်ရန်အတွက် အမှတ်(၁) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ဝင်ရောက်လာခဲ့ရာမှ တရားမဝင်အွန်လိုင်း လောင်းကစားနှင့် ငွေကြေးလိမ်လည်လုပ်ကိုင်ကြသူများက ဆက်သွယ်ခဲ့သဖြင့် ယခုကဲ့သို့ လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ အွန်လိုင်းဂိမ်းပိုင်ရှင်ဖြစ်သူ တစ်ဖက်နိုင်ငံ ချင်းမိုင်မြို့တွင် နေထိုင်သည့် ထိုင်းနိုင်ငံသား ဝယ်ဆန်နှင့် ဇနီးဖြစ်သူ ရန်ကျူး အပါအဝင် ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေး လိုအပ်သောလုံခြုံရေးလုပ်ငန်းစဉ်များအား ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း အသိပေးထုတ်ပြန်ထားသည်။
အထက်ပါဖြစ်စဉ်များတွင် ဖမ်းဆီးရမိသူများအား စနစ်တကျ စိစစ်ဆောင်ရွက်လျက်ရှိပြီး ဥပဒေနှင့်အညီ တရားစွဲဆို အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia (မစ္စမာကျား)နှင့် တရုတ်ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန လက်ထောက်ဝန်ကြီး Mr. Liu Zhong Yi (မစ္စတာလျိုကျုံးရီ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့တွင် နေပြည်တော်၊ ရုံးအမှတ် (၁၀) ရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံအကြား လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ အွန်လိုင်းအသုံးပြု လောင်းကစားမှုများနှင့် ဆက်သွယ်ရေးလိမ်လည်မှုများအပါအဝင် နယ်စပ်ဖြတ်ကျော် မှုခင်းများအား မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်းတားဆီးနှိမ်နင်းရေးကိစ္စရပ်များ၊ နှစ်နိုင်ငံချစ်ကြည် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။