



၁၄.၂.၂၀၂၅
Written By Thandar
မြန်မာ့ရိုးရာသင်္ကြန်အငွေ့အသက်တွေပါဝင်မယ့် “နွေဥဒါန်း” Mini ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးခြင်း အခမ်းအနားကို ယနေ့ ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို ရှိ ဗိုလ်တထောင်ဘုရားအောင်မြေမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော်က ဒီဇာတ်လမ်းထဲမှာ ကိုရီးယား မြန်မာလူမျိုးပါ။ မြန်မာနိုင်ငံမှာ စာတမ်းလာပြုစုတဲ့ ပုံစံမျိုးပါ။ ဒီကားက ခေါင်းဆောင်အနေနဲ့ ပါဝင်ပြီး ရိုက်ကူးရတာ ပထမဆုံးလည်း ဖြစ်တော့ တာဝန်ကြီးပါတယ်။ ကြားထဲမှာလည်း သရုပ်ဆောင်အလုပ်ကို အများကြီး မလုပ်ဖြစ်တော့ ကျွန်တော့်အတွက် စိန်ခေါ်မှုတော့ ဖြစ်တယ်။ အကောင်းဆုံး ပြင်ဆင်ပြီး အကောင်းဆုံး ချပြဖို့အတွက်တော့ စဉ်းစားထားပါတယ်”လို့ သရုပ်ဆောင် Jared ကပြောပါတယ်။
KUNYAT Creation House ထုတ်လုပ်ရေးရဲ့ ဒီဇာတ်လမ်းတွဲကို ဇာတ်လမ်း ယူကလစ်၊ ဇာတ်ညွှန်း ဦးသက်ဦးနဲ့ ဒေါ်အေးအေးဟန် တို့က ရေးသားပြီး ဒါရိုက်တာ သက်ဝေလင်းက ရိုက်ကူးကာ သရုပ်ဆောင်တွေဖြစ်တဲ့ Jared ၊ သရုပ်ဆောင် နှင်းရတီထက်တို့နဲ့ အတူ အနုပညာရှင်များစွာက ပါဝင်ကြမှာလည်းဖြစ်ပါတယ်။
“ညီမအနေနဲ့ဆိုရင်လည်း ရှေ့မှာ ရိုက်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးက မုန်းခွင့်မှာ ပါဝင်ထားပါတယ်။ အဓိကသရုပ်ဆောင် အနေနဲ့ ပါဝင်ပြီး ရိုက်ကူးရတာ ပထမဆုံး အတွေ့အကြုံလည်းဖြစ်တယ်။ နှစ်ယောက်လုံးက အများကြီး လိုက်ဖက်ညီအောင် ကြိုးစားပြီး ကာရိုက်တာမိအောင် ကြိုးစားပြီး ရိုက်ကူးသွားမှာပါ။ အရှေ့မှာ ရိုက်ထားတဲ့ ကားကြတော့ ပေါ့ပေါ့ပါးပါးပဲ ရိုက်ခဲ့ရတာပေါ့။ ဒီကားလေးကတော့ အဓိက သရုပ်ဆောင် အနေနဲ့ ရိုက်ရတဲ့ ကားဖြစ်တဲ့အတွက် ပိုပြီး တာဝန်ကြီးပါတယ်။ မြန်မာယဉ်ကျေးမှုအကတွေလည်း ပါဝင်တဲ့ကားလေးပါ”လို့ သရုပ်ဆောင် နှင်းရတီထက်က ပြောပါတယ်။
“နွေဥဒါန်း” ဇာတ်လမ်းတွဲကို သင်္ကြန် အငွေ့အသက်တွေနဲ့ အတူ လာမယ့် ဖေဖော်ဝါရီ စတုတ္ထအပတ်မှာ မန္တလေးမြို့မှာ စတင်ပြီးတော့ ရိုက်ကူးပုံဖော်သွားမှာဖြစ်တယ်လို့ သိရပါတယ်။