
၁၄.၂.၂၀၂၅
Translated by Htwe Ko Tun
တောင်ကိုရီးယားနိုင်ငံ ဆိပ်ကမ်းမြို့ဖြစ်တဲ့ ဘူဆန်မြို့က Banyan Tree ဟိုတယ် ဆောက်လုပ်နေတဲ့နေရာမှာ ဖေဖော်ဝါရီလ ၁၄ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီ (မြန်မာစံတော်ချိန် နံနက် ၈း၃၀ နာရီ) က မီးလောင်မှုတစ်ရပ် ဖြစ်ပွားခဲ့တာမှာ လူခြောက်ဦးသေဆုံးပြီး ၂၅ ဦးဒဏ်ရာရခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။


မီးလောင်မှုစဖြစ်တော့ ဟိုတယ်ဆောက်လုပ်ရေးဇုန်နေရာမှာ အလုပ်သမား ၁၀၀ ခန့် ရှိနေကြတယ်လို့ ဆိုပါတယ်။ ဒဏ်ရာရသူတွေအနက် အများစုကတော့ မီးခိုးငွေ့တွေကြောင့် အသက်ရှုကျပ်ကာ အသေးအမွှားဒဏ်ရာတွေပဲဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
ဘူဆန် မီးသတ်အကြီးအကဲ ဟုမ်မွန်ဆစ်က “မီးက မီးသတ်တပ်ဖွဲ့ရောက်လာချိန်မှာပဲ အစွမ်းကုန်လောင် ကျွမ်းနေပြီး ထူထဲလှတဲ့မီးခိုးတွေ ဖုံးလွှမ်းနေပြီ။ မီးတောက်လွယ်တဲ့ ပစ္စည်းတွေကလည်း အဝင်ဝကို ပိတ်ဆို့လောင်ကျွမ်းနေသေးတယ်” လို့ ပြောခဲ့ပါတယ်။

မီးက အလုပ်သမားတွေရဲ့အကာအကွယ်ပစ္စည်းတွေကိုထားတဲ့ အဆောက်အအုံ ပထမထပ်က စလောင်ခဲ့တာဖြစ်ပြီး မီးလောင်တဲ့အကြောင်းရင်းနဲ့ စလောင်တဲ့နေရာအတိအကျကို စုံစမ်းစစ်ဆေးနေတယ်လို့ ဟုမ်က ဆိုပါတယ်။
မီးလောင်ကျွမ်းမှုကို ဒေသစံတော်ချိန် နေ့လယ် ၁ နာရီခွဲလောက်ရောက်မှ ထိန်းချုပ်နိုင်ခဲ့တယ်လို့လည်း မီးသတ်တပ်ဖွဲ့က ပြောခဲ့ပါတယ်။
Ref- CNA