
၁၄. ၂. ၂၀၂၅
Translated by Thettant
ကျားဖြန့်နှိမ်နင်းရေးမှာ ပူးပေါင်းဆောင်ရွက်လိုကြောင်း BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူက ထိုင်းအစိုးရထံ စာပို့တောင်းဆိုခဲ့တယ်လို့ Thai Enquirer သတင်းဌာနက ဖော်ပြပါတယ်။
ထိုင်းဒုတိယဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ဖမ်သန်ဝီချယာချိုင်းထံ လိပ်မူပေးပို့ထားတဲ့ BGF အကြီးအကဲ ဗိုလ်မှူးကြီး စောချစ်သူရဲ့ “လူကုန်ကူးမှုနဲ့ လိမ်လည်လှည့်ဖြားသူများကို တိုက်ဖျက်ရာမှာ ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုခြင်း”စာမှာ နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်)ဟာ မိမိတို့ဒေသအတွင်း ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေမှာ တရားမဝင် လုပ်ကိုင်နေတဲ့ လူကုန်ကူးသူတွေနဲ့ လိမ်လည်လှည့်စားသူတွေကို ဖော်ထုတ်၊ ဖမ်းဆီးနှိမ်နင်းတာ၊ လူကုန်ကူးခံရသူတွေနဲ့ ပြည်ပနိုင်ငံသားတွေကို နေရပ်ပြန်ပို့ရေးကိုလည်း ဆောင်ရွက်ပေးနေတာ ဖော်ပြထားသလို မနက်ဖြန် ဖေဖော်ဝါရီ ၁၅ ရက်မှာလည်း အများအပြားပြန်ပို့ပေးမယ်ပြောထားပြီး မြန်မာနဲ့ ထိုင်းအစိုးရတို့ ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်လိုကြောင်း ဖော်ပြထားပါတယ်။ ဒါကြောင့် ရာဇ၀တ်မှု တိုက်ဖျက်ရေးနဲ့ လူကုန်ကူးခံရသူတွေ နေရပ်ပြန်ပို့ရေး ပိုမိုချောမွေ့ပြီး ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှု ရရှိစေဖို့အတွက် လိုအပ်သလို လမ်းညွှန်မှုနဲ့ အကူအညီပေးဖို့လည်း လေးစားစွာ မေတ္တာရပ်ခံအပ်ပါကြောင်း ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံဟာ ဗိုလ်မှူးကြီးစောချစ်သူအပါအဝင် BGF ခေါင်းဆောင်သုံးဦးကို ဖမ်းဝရမ်းထုတ်ဖို့နဲ့ ထိုင်းနိုင်ငံအတွင်း ဝင်လာချိန် ဖမ်းဆီးနိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ဒီဖြစ်ရပ်မှာတော့ သက်သေမခိုင်လုံတာကြောင့် ဖမ်းဆီးနိုင်ရေးကြိုးပမ်းမှုက အခက်ကြုံနေပါတယ်။ လက်ရှိမှာလည်း BGF ဟာ ဒီနေ့ကစ ကျားဖြန့်တွေနှိမ်နင်းဖို့ မြဝတီဒေသအတွင်း လိုက်လံစစ်ဆေးမှုလုပ်ဆောင်နေပြီလို့ သိရပါတယ်။
လက်ရှိမှာ နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် စောချစ်သူက BGF ထိန်းချုပ်နယ်မြေအတွင်း ရာဇ၀တ်ဂိုဏ်းတွေ နှိမ်နင်းရာမှာ ထိုင်းအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ရေး တောင်းဆိုမှုနဲ့ ပတ်သက်ပြီး ဖမ်သန်က တောင်းဆိုမှုအတွက် ကျေးဇူးတင်ရှိကြောင်းနဲ့ နယ်စပ်တစ်လျှောက်က ရာဇ၀တ်ဂိုဏ်းတွေကို နှိမ်နင်းဖို့က ဦးစားပေးဖြစ်တယ်လို့ ပြောကြားခဲ့ပေမဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ပြောကြားခြင်းမရှိပါဘူး။ စောချစ်သူကို ဖမ်းဝရမ်းထုတ်ဖို့ ထိုင်းအာဏာပိုင်တွေရဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ မေးမြန်းရာမှာလည်း ဒါက တရားစီရင်ရေးစနစ်နဲ့ သက်ဆိုင်ပြီး အစိုးရက ဥပဒေနဲ့အညီ ဆောင်ရွက်မှာဖြစ်တယ်လို့ပဲ ဖြေကြားခဲ့ပါတယ်။