
၁၄. ၂. ၂၀၂၅
Written by Nyein Kyaw
သတ်မှတ်ကာလ သုံးလပြည့်သည့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်အထိ ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် လျှောက်ထားခြင်းမရှိသူများကို အရေးယူမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ထပ်မံသတိပေးကြေညာထားသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ရန်အတွက် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်တွင် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအမှတ် (၀၅၅/၂၀၂၄) နှင့်အညီ လုပ်ငန်းလိုင်စင် လျှောက်ထားရယူရန်နှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာခြင်းမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်ဥပဒေ ပုဒ်မ ၅ နှင့် အညီ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်ထုတ် သတင်းစာများတွင် အသိပေး ကြေညာခဲ့ပြီးဖြစ်သည်။
ဓာတ်သတ္တု (ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လိုသူများအနေဖြင့် လုပ်ငန်းလိုင်စင် လျှောက်ထားမှုကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်မှ စတင်လျှောက်ထားရန် ကြေညာထားရှိပြီး ဖြစ်သောကြောင့် အဆိုပါ လျှောက်ထားမှုများကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်အထိ သုံးလအတွင်း နောက်ဆုံးထား လျှောက်ထားရန်နှင့် လျှောက်ထားခြင်း မရှိ (မရှိ) သောသူများသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ နှင့်အညီ အရေးယူခံရ မည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာ ၁၁ ရက်နေ့ထုတ် သတင်းစာများတွင် အသိပေးကြေညာခဲ့ပြီးဖြစ်သည်။
ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်မှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်အထိ သုံးလအတွင်း နောက်ဆုံးလျှောက်ထားရမည့်ရက်သည် ပြည့်မြောက်တော့မည်ဖြစ်သဖြင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းလိုင်စင်များကို လျှောက်ထားရန်နှင့် လျှောက်ထားခြင်း မရှိ (မရှိ)သော သူများသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ နှင့် အညီ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ထပ်မံအသိပေးကြေညာထားသည်။