လတ်တလောတွင် သေဆုံးသူအလောင်း ၄၀ ရှာတွေ့ထားပြီး ဆက်လက်ရှာဖွေနေ
MT News
Translated by Htwe Ko Tun
နီပေါနိုင်ငံမြို့တော် ခတ္တမန္ဒူမှ ပေါ့ကရာမြို့သို့ပျံသန်းလာသော ခရီးသည်တင်လေယာဉ်တစ်စီးမှာ စတင်ပျံတက်လာပြီးနောက် မိနစ် ၂၀ ခန့်အကြာ ပေ့ါကရာမြို့မှ ကီလိုမီတာ အနည်းငယ်အကွာတွင် ဇန်နဝါရီ ၁၅ ရက် နံနက် ၁၁ နာရီခန့်က ပျက်ကျခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။
အစောပိုင်းသတင်းများအရ လေယာဉ်ပေါ်တွင် ခရီးသည် ၆၈ ဦးနှင့် လေယာဉ်ဝန်ထမ်းလေးဦးလိုက်ပါလာပြီး မွန်းလွဲ ၁ နာရီအထိ အနည်းဆုံး သေဆုံးသူ အလောင်း ၄၀ ကို တွေ့ရှိထားကြောင်းသိရသည်။
လေယာဉ်မှာ Yeti လေကြောင်းလိုင်းပိုင်လေယာဉ်ဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူ ရှိ မရှိ မသိရသေးကြောင်း လေကြောင်းလိုင်းပြောရေးဆိုခွင့်ရှိသူက ပြောခဲ့သည်။
လေယာဉ်ပေါ်တွင် နိုင်ငံခြားသားများအဖြစ် အိန္ဒိယနိုင်ငံသား ငါးဦး၊ ရုရှားနိုင်ငံသား လေးဦး၊ တောင်ကိုရီးယားနိုင်ငံသား နှစ်ဦးနှင့် အိုင်ယာလန်နိုင်ငံသားတစ်ဦးတို့လိုက်ပါလာကြကြောင်း လေကြောင်းလိုင်းကပြောခဲ့သည်။
လေယာဉ်သည် ATR 72 လေယာဉ်အမျိုးအစားဖြစ်ပြီး သက်တမ်း ၁၅ နှစ် ရှိပြီဖြစ်ကြောင်းလည်းသိရသည်။
Ref—- The Indian Express