
၁၄. ၂. ၂၀၂၅
Written by Nyein Kyaw
ဆောက်လုပ်ရေးစီမံကိန်းများနှင့် ဆောက်လုပ်ရေးလောက ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်တွင်းရှိ ဆောက်လုပ်ရေးပစ္စည်းများ ရောင်းဝယ်သူများနှင့် လက်တွဲပူးပေါင်းဆောင်ရွက်ရန် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (MCEF)မှ ယမန်နေ့က ဖိတ်ခေါ်ထားသည်။
စိတ်ပါဝင်စားသူများအနေဖြင့် ကုမ္ပဏီမှတ်ပုံတင် သို့မဟုတ် ရောင်းဝယ်ရေးလိုင်စင်ရှိပါက အသင်းချုပ်သို့ တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်နိုင်ပြီး ပူးပေါင်းဆောင်ရွက်မှုတွင် Cooperated နှင့် Individual ပုံစံနှစ်မျိုးအနက် မိမိကြိုက်နှစ်သက်ရာပုံစံဖြင့် လျှောက်ထားနိုင်ကြောင်း သိရသည်။
“ဥပမာပေါ့နော် အုတ်၊ သဲ၊ ကျောက် ကုမ္ပဏီဖွင့်ထားတယ်။ ဒါမှမဟုတ် ရောင်းဝယ်ရေးလိုင်စင် ရထားတယ်ဆိုလို့ရှိရင် Cooperated နဲ့ ဝင်လို့ရှိရင် သုခဒဂုံအိမ်ရာ စီမံကိန်းလုပ်ခဲ့ပြီးသွားပြီပေါ့နော်။ ပထမပိုင်းပြီးသွားပြီ။ သဘောတရားကို ရှင်းပြတာပေါ့။ ဒုတိယပိုင်းမှာ ဆက်လုပ်ဖို့ရှိတယ်။ Cooperated နဲ့ ဝင်ထားလို့ရှိရင် အုတ်၊ သဲ၊ ကျောက်ကို သဲတို့ ကျောက်တို့ စာချုပ်ချုပ်ပြီး ဝယ်ပေးတာပေါ့” ဟု MCEF မှ တာဝန်ရှိသူက ပြောသည်။
MCEF သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ဗဟိုအလုပ်အမှုဆောင်နှင့် ဗဟိုကော်မတီဝင်များကို အသစ်တစ်ဖန် ရွေးချယ်တင်မြှောက်ခဲ့ပြီး ဆောက်လုပ်ရေးနှင့် သက်ဆိုင်သည့် အသင်းအဖွဲ့အစည်းများ၊ ပစ္စည်းများတင်သွင်းသော သွင်းကုန်လုပ်ငန်းရှင်များ၊ ဆောက်လုပ်ရေးပစ္စည်း အရောင်းဆိုင်များ၊ လက်ကားဖြန့်ချိ ထုတ်လုပ်သည့်လုပ်ငန်းရှင်များ၊ အုတ်၊ သဲ၊ ကျောက် လုပ်ငန်းရှင်များ၊ ဘိလပ်မြေနှင့် ကွန်ကရစ်လုပ်ငန်းရှင်များ၊ အိမ်တွင်းအလှဆင် လုပ်ငန်းရှင်များ၊ သယ်ယူပို့ဆောင်ရေးကုမ္ပဏီ လုပ်ငန်းရှင်များအနေဖြင့် MCEF နှင့်အတူ ဆောက်လုပ်ရေးလောက ဖွံ့ ဖြိုးတိုးတက်စေရေးအတွက် လက်တွဲပူးပေါင်း ဆောင် ရွက်နိုင်ရန် ဖိတ်ခေါ်နေခြင်းဖြစ်သည်။
“လျှောက်ထားလိုသူတွေအနေနဲ့ ဖောင်တို့ဘာတို့ ဝယ်စရာမလိုဘူး။ အသင်းကိုလာပြီး ချိတ်ဆက်လိုက်ရုံပဲ။ လုပ်ငန်းလိုင်စင် ဒါမှမဟုတ် ကုမ္ပဏီမှတ်ပုံတင်ပြလိုက်ရင် Cooperated ဆိုလည်း Cooperated နဲ့ပေါ့။ Individual ဆိုရင်လည်း Individual ပေါ့။ Individual နဲ့ဆိုရင်တော့ Chance နည်းတာပေါ့” ဟု ၎င်းက ပြောသည်။
လျှောက်ထားလိုသူများအနေဖြင့် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်ရုံး တည်ရှိရာ အမှတ်(၃)၊ သံသုမာလမ်းနှင့် ဝေဇယန္တာလမ်းထောင့်၊ သုဝဏ္ဏလမ်းဆုံ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဖုန်းနံပါတ် ဝ၉-၂၆၆၈၂၃၂၂၆ ၊ ၀၉- ၈၉၃၂၁ရ၁ဝ၉နှင့် Email : mcef1996@gmail.com သို့ ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။