MT News
Written by Nay Aung
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်း ကျည်ဆံအပိုင်းအစများ တွေ့ရှိခဲ့သော်လည်း အိန္ဒိယပိုင်နက်အတွင်းကို မြန်မာ့တပ်မတော် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းမျိုး မရှိခဲ့သလို အိန္ဒိယပိုင်နက်အတွင်းသို့ ကျည်ဆံများကျရောက်ခဲ့ခြင်းလည်းမရှိကြောင်း မီဇိုရမ်ပြည်နယ်အစိုးရက သတင်းထုတ်ပြန်လိုက်သည်။
မီဇိုရမ်ပြည်နယ်အစိုးရအဖွဲ့က မြန်မာ့တပ်မတော်(လေ) သည် ချင်းလက်နက်ကိုင်အဖွဲ့ (CNF)ဌာနချုပ်ဖြစ်သော “Camp Victoria”ကို ဗုံးကြဲတိုက်ခိုက်ချိန်အတွင်း အိန္ဒိယပိုင်နက်အတွင်းသို့ ကျည်ဆံများကျရောက်ပေါက်ကွဲခဲ့သည်ဆိုသော ခိုင်မာသောသက်သေအချက်လက်များ မတွေ့ရကြောင်း ပြောခဲ့သည်။
တပ်မတော်က ချင်းလက်နက်ကိုင်အဖွဲ့ကို ဗုံးကြဲတိုက်ခိုက်ချိန်အတွင်း အိန္ဒိယပိုင်နက်ထဲသို့ ကျည်ဆံများကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများကပြောဆိုခဲ့ပြီးနောက် မကြာမီအိန္ဒိယ မိဇိုရမ်ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူများသည် စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်ခဲ့ကြောင်းသိရသည်။
မီဇိုရမ်ပြည်နယ် Champhai ခရိုင်တရားသူကြီးJames Lalrinchhana က Tiau မြစ်နားတွင် ကျည်ဆံအပိုင်းအစများတွေ့ရှိခဲ့သော်လည်း ဒေသခံများပြောနေသလိုမျိုးအိန္ဒိယနိုင်ငံကို ဗုံးကြဲမှုတွင် ထိမှန်မှုများမရှိခဲ့ကြောင်းဇန်နဝါရီ ၁၄ရက် ညနေပိုင်းတွင်ထုတ်ဖော်ပြောဆိုခဲ့သည်။
“ဇန်နဝါရီ ၁၀ ရက် ညနေ ၃ နာရီခွဲခန့်မှာ ဖြစ်ပွားခဲ့တဲ့ မြန်မာ့တပ်မတော်(လေ)ရဲ့ တိုက်ခိုက်မှုဟာ အိန္ဒိယဘက်ခြမ်းကို ကျည်ဆံများထိမှန်ရုံသာမက Tiaubမြစ်အနီး ရပ်ထားတဲ့ အိန္ဒိယ ကားတစ်စီး ထိခိုက်ပျက်စီးခဲ့တယ်” ဟု မီဇိုရမ်ပြည်နယ်အတွင်းရှိ မီဇိုလူငယ်များအဖွဲ့အစည်းက ပြီးခဲ့သည့် ရက်ပိုင်းက ပြောခဲ့သည်။
ထိုအဖွဲ့၏ ပြောဆိုမှုအပေါ် Champhai ခရိုင်တရားသူကြီးက” အခြားသူတွေဟာ သူလို့လိုချင်တာတွေဖြစ်ချင်တာတွေ ပြောကောင်းပြောနိုင်တယ်။ အဲဒီသူတွေရဲ့ပြောဆိုမှုတွေကို အခြေခံလို့မရဘူး။ စုံစမ်းစစ်ဆေးမှုအချက်လက်တွေကို အခြေခံပြီး ပြည်ထဲရေးဝန်ကြီးဌာနကို အစီအရင်ခံစာတင်သွင်းခဲ့တယ်” ဟုဆိုသည်။
ချင်းလက်နက်ကိုင်အဖွဲ့ ဌာနချုပ်သည် အိန္ဒိယနှင့် မြန်မာနိုင်ငံအကြားဖြတ်သန်းစီးဆင်းနေသည့် Tiau မြစ်နှင့် ၁၀၀ မီတာ အကွာတွင်ရှိနေကြောင်း မီဇိုရမ်ပြည်နယ်အစိုးရတာဝန်ရှိသူများကဆိုသည်။
အိန္ဒိယ အာသံရိုင်ဖယ်တပ်ရင်းသည် မြန်မာတပ်မတော်လေ၏ ဗုံးကြဲမှုများအတွင်း အိန္ဒိယပိုင်နက်ထဲကို ကျည်ဆံများ ကျရောက်ခဲ့သည်ဆိုသော သတင်းနှင့်ပတ်သက်ပြီး ပြီးခဲ့သောရက်ပိုင်းတွင် ငြင်းဆန်ခဲ့ပြီးနောက် မီဇိုရမ်ပြည်နယ်အစိုးရအဖွဲ့ က စုံစမ်းစစ်ဆေးပြီးနောက် ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းလည်းဖြစ်သည်။
ref newindianexpress