




၁၃.၂.၂၀၂၄
Written By Thandar
ဒရာမာဇာတ်လမ်းပုံစံ “မေတ္တာအမွေ ပုဂံပြည်”ရုပ်ရှင်ဇာတ်ကားကြီး Family Show ပွဲ အခမ်းအနားကို ယနေ့ ဖေဖော်ဝါရီ ၁၃ ရက် ညနေ ၅ နာရီက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ နဝဒေးရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ပုဂံဆိုတာက ကျွန်တော့်ရဲ့ အသည်းနှလုံးလို့ ပြောလို့ရတယ်။ ပုဂံကို ကျွန်တော် ဘယ်လောက်မြတ်နိုးသလဲဆိုရင် ၁၉၈၀ လောက်က ကျွန်တော်က မှတ်တမ်းရေးတဲ့ဘဝမှာ အဲ့ခေတ်ကရိုက်တဲ့ ပုဂံမြေကိုယ်ချစ်ရာဆိုတဲ့ ရုပ်ရှင်ကားကို Edit လုပ်တယ်။ ၁၉၈၀ ပုဂံကို ပထမဆုံးအကြိမ်ရောက်ဖူးတာ။ ဒါပေမယ့် ပုဂံဘုရားတွေမြင်တော့ ကျွန်တော်အရင်က နေဖူးတဲ့နေရာလို့ စိတ်မှာထင်ခဲ့မိတယ်။ ကျွန်တော် ဒါရိုက်တာလုပ်ခွင့်ရချိန်မှာ ကျွန်ဆိုတဲ့ ရုပ်ရှင်ကားရိုက်တယ်။ နှလုံးသားထဲက ဧရာဝတီရိုက်ဖြစ်ခဲ့တယ်။ ဒီကားက တတိယမြောက် ဖန်တီးတဲ့ကားပါ။ ပုဂံက ကျွန်တော့်အတွက်မရိုးနိုင်ပါဘူး”လို့ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်က ပြောပါတယ်။
အဆိုပါ အခမ်းအနားကို ကျော်ထက်အောင်၊ အိအိအောင်ထွန်း၊ ဧကရီစုစံ၊ မေသန်းနု၊ သဲစုညိမ်း၊ ထူးအံ့လွင်၊ ဂီတမှူး ကြည်မင်းသိန်း စတဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။
“မီးမီးရဲ့ ပထမဦးဆုံး ရုပ်ရှင်ဇာတ်ကားရိုက်ခဲ့လို့ ဝမ်းသာတယ်။ မြန်မာနိုင်ငံရဲ့ အသည်းနှလုံးလို့ ပြောလို့ရမယ့် ပုဂံမြေ ရုပ်ရှင်ကားရိုက်ခဲ့တာမို့လည်း အရမ်းရင်ခုန်နေတယ်။ ကိုယ်တိုင်ကလည်း မြန်မာစကားကို အရမ်းကြီး နားလည်အောင် မပြောတတ်ဘူးလေ။ တကယ့်ကို ခက်ခက်ခဲခဲကို ကြိုးစားခဲ့ရတာပါ။ ဝါရင့်အနုပညာရှင်ကြီးတွေ အားလုံးက မီးမီးကိုသင်ပေးကြထားကြပါတယ်။ မကြာခင်ပြမှာမို့ ရင်ခုန်မိတယ်”လို့ အလှမယ် သရုပ်ဆောင် အိအိအောင်ထွန်း@မီးမီးက ပြောပါတယ်။
Triple six Production က ဒီ ရုပ်ရှင်ဇာတ်ကားကြီးကို ဇာတ်လမ်း ဇာတ်ညွှန်း ငြိမ်းမင်း၊ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်က သရုပ်ဆောင်တွေဖြစ်တဲ့ ကျော်ထက်အောင်၊ အိအိအောင်ထွန်း၊ ဧကရီစုစံ၊ မေသန်းနုနဲ့အခြားသရုပ်ဆောင်များစွာနဲ့ ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။