MT News
Translated by Htwe Ko Tun
တရုတ်နိုင်ငံအတွင်း အစိုးရက ၂၀၂၂ ခုနှစ် ဒီဇင်ဘာလဆန်းတွင် ၎င်း၏ “zero-Covid” မူဝါဒကိုဖျက်သိမ်း၍ ကိုဗစ်-၁၉ နှင့်ပတ်သက်သောတင်းကြပ်သည့်စည်းမျဉ်းများကို ဖြေလျှော့ပေးခဲ့သည့်အချိန်မှစ၍ ယခုအထိ ကပ်ရောဂါဆိုးကြောင့် လူ ၆၀,၀၀၀ နီးပါး အသက်ဆုံးရှုံးခဲ့ရကြောင်း တရုတ်နိုင်ငံ၏အမျိုးသားကျန်းမာရေးကော်မရှင်က ပေကျင်းမြို့တွင် ဇန်နဝါရီလ ၁၄ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။
အမျိုးသားကျန်းမာရေးကော်မရှင်(NHC)၏ ဆေးဘက်ဆိုင်ရာဦးစီးဌာန အကြီးအကဲ Jiao Yahui က ဒီဇင်ဘာ ၈ ရက်မှ ဇန်နဝါရီ ၁၂ ရက်အထိ ကိုဗစ်-၁၉ ကြောင့်သေဆုံးသူမှာ တရုတ်နိုင်ငံအတွင်း ၅၉,၉၃၈ ဦးရှိခဲ့ကြောင်းနှင့် ၎င်းတို့အနက် ၅,၅၀၃ ဦးမှာ အသက်ရှုလမ်းကြောင်း ကျဆင်းရပ်တန့်မှုကြောင့်ဖြစ်ပြီး ၅၄,၄၃၅ ဦးမှာ ကိုဗစ်-၁၉ ဗိုင်းရပ်ကူးစက်မှုနှင့် လူနာများတွင် မူလကပင်ရှိသည့် အခြားရောဂါများကြောင့်ဖြစ်ကြောင်း ပြောခဲ့သည်။
အမျိုးသားကျန်းမာရေးကော်မရှင်၏ ပြောကြားချက်အရ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်တွင် တရုတ်နိုင်ငံအတွင်း မြို့ကြီးများနှင့်ကျေးလက်များပါ ကိုဗစ်-၁၉ ကြောင့် ဆေးရုံဆေးခန်းများသို့လာရောက်ပြသသူပေါင်း ၂ ဒသမ ၆၈ သန်းကျော်ရှိကာ စံချိန်တင်ခဲ့ကြောင်း၊ထို့နောက်တွင် ပြန်လည်၍လျော့နည်းကျဆင်းလာနေကြောင်း၊ ဇန်နဝါရီ ၁၂ ရက်တွင်မူ ကိုဗစ်-လူနာ ၄၇၇,၀၀၀ ဦးသာ ဆေးရုံဆေးခန်းများသို့လာရောက်ပြသတော့ကြောင်း သိရသည်။
အမျိုးသားကျန်းမာရေးကော်မရှင် ၏စာရင်းအရ ကိုဗစ်ကြောင့်ဆေးရုံတက်ရောက်နေရသူပေါင်းမှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်က တစ်နိုင်ငံလုံးတွင် ၁ ဒသမ ၆၃ သန်းဖြင့် စံချိန်တင်ခဲ့ပြီး ဇန်နဝါရီ ၁၂ ရက်တွင် ၁ ဒသမ ၂၇ သန်းသို့ ကျဆင်းသွားကြောင်းလည်း လေ့လာတွေ့ရှိရသည်။
Ref—- CNN