
ယူကရိန်းနိုင်ငံကို နေတိုးစစ်အုပ်စုအဖွဲ့ဝင်အဖြစ်လက်ခံမည်မဟုတ်
၁၃.၂.၂၀၂၅.
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီး ပီတီဟက်ဆက်(Pete Hegseth) က ယူကရိန်းနိုင်ငံကို နေတိုးစစ်အုပ်စုအဖွဲ့ဝင်အဖြစ် လက်ခံမှာမဟုတ်ကြောင်းနဲ့ ယူကရိန်းနိုင်ငံ လုံခြုံမှုအတွက် ဥရောပတိုက်မှာသာ တာဝန်ရှိတော့မှာဖြစ်တယ်လို့ ဖေဖော်ဝါရီလ ၁၂ ရက်က ပြောကြားခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီး ပီတီဟက်ဆက်က ရုရှား-ယူကရိန်းစစ်ပွဲက အပြီးသတ်ရမှာဖြစ်ပြီး ယူကရိန်းက နေတိုးအုပ်စုထဲ ဝင်မယ်ဆိုတာက လက်တွေ့မကျတဲ့လုပ်ရပ်လို့ ဆိုခဲ့ပါတယ်။ သူက အမေရိကန်ပြည်ထောင်စုအနေနဲ့ ထရန့်အစိုးရလက်ထက်မှာ နယ်စပ်ဒေသတွေလုံခြုံရေးနဲ့ တရုတ်နိုင်ငံနဲ့ စစ်မဖြစ်ရေးတို့ကို လျင်မြန်စွာ အလေးထားအာရုံစိုက်နေရလို့ ဥရောပ တိုက်နဲ့ ယူကရိန်းလုံခြုံရေးကို အဓိက ဦးစားပေးနိုင်မှာမဟုတ်ဘူးလို့လည်း ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့၊ နေတိုးဌာနချုပ်မှာကျင်းပတဲ့အစည်းအဝေးမှာ ပြောခဲ့ပါတယ်။
သူက စစ်ပွဲပြီးဆုံးသွားပြီဆိုရင် ယူကရိန်းလုံခြုံရေးအတွက် ဥရောပနိုင်ငံတွေရဲ့ တပ်ဖွဲ့တွေက တာဝန်ယူဆောင်ရွက်သင့်ပြီး အမေရိကန်တပ်ဖွဲ့တွေ ပါဝင်ပတ်သက်မှာမဟုတ်ဘူးလို့လည်း ဆိုခဲ့ပါတယ်။ ဒါ့ပြင် ဟက်ဆက်က ရုရှားက ခရိုင်းမီးယားနဲ့ ယူကရိန်းအရှေ့ပိုင်းဒေသတွေကို တိုက်ခိုက်သိမ်းပိုက်မှု မလုပ်ခင် ၂၀၁၄ ခုနှစ်မတိုင်ခင်က ယူကရိန်းနယ်နိမိတ်အတိုင်း ပြန်ရရှိဖို့ဆိုတာ လက်တွေ့မကျတဲ့ မျှော်မှန်းချက်လို့ ပြောခဲ့ပါတယ်။ နေတိုးအုပ်စုရဲ့ မဟာမိတ်နိုင်ငံအများအပြားကလည်း ယူကရိန်းအနေနဲ့ ရုရှားသိမ်းပိုက်ထားတဲ့နယ်မြေတွေ ပြန်ရဖို့ဆိုတာ လက်တွေ့မကျဘူးဆိုတဲ့ ဟက်ဆက်ရဲ့ပြောကြားချက်ကို လက်ခံခဲ့ကြပါတယ်။
ဟက်ဆက်က အခုလိုပြောကြားပြီး နာရီပိုင်းလောက်နေတော့ အမေရိကန်သမ္မတ ထရန့်က သူနဲ့ ရုရှားသမ္မတ ပူတင်တို့ ဖုန်းဆက်သွယ်မှုမှာ ယူကရိန်းစစ်ပွဲရပ်ဆိုင်းဖို့ ညှိနှိုင်းဆွေးနွေးပွဲတွေ အမြန်လုပ်ဖို့ သဘောတူခဲ့တယ်လို့ ပြောခဲ့ပြန်ပါတယ်။
အစည်းအဝေးမှာ ဟက်ဆက်က ယူကရိန်းကို အမေရိကန်က နောက်ထပ်အထောက်အပံ့မပေးတော့ဘူးလို့တော့ မကြေညာခဲ့ပါဘူး။ ဒါပေမယ့် ဟက်ဆက်ရဲ့ ခုလို ဥရောပနဲ့ ယူကရိန်းလုံခြုံရေးကို အမေရိကန်က ဦးစားပေးနိုင်တော့မှာမဟုတ်ဘူးဆိုတဲ့ ပြောကြားချက်ကို ရုရှားနဲ့ အနီးကပ်ဆုံးတည်ရှိနေတဲ့ နိုင်ငံငယ်လေးတချို့ကတော့ စိုးရိမ်ခဲ့ကြတယ်လို့ သိရပါတယ်။
Ref- CNN