
၁၃.၂.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရန့်က ရုရှားသမ္မတ ပူတင်နဲ့ ဖေဖော်ဝါရီလ ၁၂ ရက် နံနက်ပိုင်းမှာ အချိန်ကြာမြင့်ပြီး ထိရောက်အကျိုးရှိတဲ့ တယ်လီဖုန်းဆက်သွယ်မှုတစ်ရပ် ပြုလုပ်ခဲ့ပြီး နောက်မှာတော့ ယူကရိန်းစစ်ပွဲကို အဆုံးသတ်မယ့် ညှိနှိုင်းဆွေးနွေးပွဲတွေကို ချက်ချင်းဆိုသလိုပဲ စတင်မှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ဒေါ်နယ်ထရန့် သမ္မတတာဝန်ကို ဇန်နဝါရီလမှာ စတင်ယူပြီးတဲ့နောက် နှစ်နိုင်ငံ သမ္မတနှစ်ဦးအကြား ပထမဆုံးသော ဖုန်းဆက်သွယ်ပြောဆိုမှုနဲ့အတူ ထရန့်က သူ့အနေနဲ့ ယူကရိန်းပဋိပက္ခကို မြန်မြန်ဆန်ဆန် အဆုံးသတ်နိုင်ဖို့ လိုလားနေတယ်ဆိုတာ ပြသလိုက်တာလည်းဖြစ်ပါတယ်။
ထရန့်ရဲ့အစိုးရအဖွဲ့တာဝန်ရှိသူတွေကလည်း ဖေဖော်ဝါရီ ၁၈ ရက်မှာ နှစ်ဖက်စစ်သုံ့ပန်းလဲလှယ်ရေးကို ပြုလုပ်နိုင်ဖို့မျှော်လင့်ခဲ့ကြပြီး ဒါက လေးနှစ်ကာလထဲ ဝင်တော့မယ့်စစ်ပွဲကို ရပ်တန့်စေဖို့ အားထုတ်မှုတွေကို ပြန်လည်ဆန်းသစ်တာလို့ ဆိုခဲ့ပါတယ်။
သမ္မတနှစ်ဦးရဲ့ ဖုန်းဆက်သွယ်ပြောဆိုမှုက အမေရိကန်အစိုးရနဲ့ ရုရှားအစိုးရအကြား စစ်ပွဲနဲ့ပတ်သက်လို့ အချိန်ကြာမြင့်စွာ နှုတ်ဆိတ်နေခဲ့ကြရာက ထရန့် ရဲ့ စစ်ပွဲဖြေရှင်းမှုအစီအစဉ်ကို ရှင်းရှင်းလင်းလင်း သိမြင်စေတာလို့လည်းဆိုရမှာပါ။
Truth လူမှုကွန်ရက်မှာ သမ္မတထရန့်က “ကျွန်တော်တို့နှစ်ဦး ယူကရိန်းစစ်ပွဲ၊ အရှေ့အလယ်ပိုင်းအရေး၊ စွမ်းအင်ပြဿနာ၊ ဉာဏ်ရည်တုနည်းပညာ၊ ဒေါ်လာငွေရဲ့သြဇာအာဏာနဲ့ ဒီပြင်ကိစ္စအတော်များများကို ဆွေးနွေးခဲ့ကြတယ်” လို့ ဖော်ပြခဲ့ပါတယ်။ ဒါ့ပြင် ကျွန်တော်တို့ အနီးကပ်အတူတူလုပ်ကိုင်ကြဖို့ သဘောတူခဲ့တယ်။ ဒီမှာနှစ်နိုင်ငံအပြန်အလှန်လည်ပတ်မှုလည်း ပါတာပေါ့။ ညှိနှိုင်းဆွေးနွေးပွဲချက်ချင်း စနိုင်ဖို့ သီးခြားအဖွဲ့တွေနဲ့ ဆောင်ရွက်မယ်ဆိုတာလည်း သဘောတူခဲ့တယ်။ ညှိနှိုင်းဆွေးနွေးပွဲလုပ်ဖို့ ဇယ်လန်စကီးကိုလည်း အကြောင်းကြားသွားမှာပါလို့ ထရန့်က ဆက်ပြောခဲ့ပါတယ်။
နှစ်နိုင်ငံစလုံးရဲ့ အစိုးရတွေက သမ္မတနှစ်ဦးရဲ့ ဖုန်းဆက်ပြောဆိုမှုက ပြေရာပြေကြောင်း ရင်းနှီးရာရင်းနှီးကြောင်း စကားသံတွေ စတင်ထွက်ပေါ်လာတယ်လို့ ဆိုခဲ့ကြပါတယ်။ သမ္မတနှစ်ဦးရဲ့ ဖုန်းနဲ့ဆက်သွယ်ပြောကြားချိန်က မိနစ် ၉၀ နီးပါးရှိခဲ့တယ်လို့လည်း သိရပါတယ်။ အမေရိကန်ရဲ့အရင်သမ္မတ ဂျိုးဘိုင်ဒန်လက်ထက်ကတော့ ပူတင်ကို စစ်ရာဇဝတ်ကောင်တစ်ဦးအဖြစ်မှတ်ယူတယ်ဆိုပြီး ဆက်သွယ်ပြောဆိုမှုကြောင့် မဆိုစလောက်အကျိုးကျေးဇူးသာရမယ်ဆိုပြီး သုံးနှစ်နီးပါးကြာ အမေရိကန်သမ္မတနဲ့ ရုရှားသမ္မတတို့အကြား ဆက်သွယ်မှုမရှိခဲ့ကြပါဘူး။
ရုရှားနိုင်ငံကို သွားရောက်လည်ပတ်ခဲ့တဲ့ အမေရိကန်ရဲ့ နောက်ဆုံးသမ္မတက အိုဘားမားဖြစ်ပြီး ဂျီ-၂၀ အစည်းအဝေးတက်ရောက်စဉ် ၂၀၁၃ ခုနှစ်ကသွားရောက်ခဲ့တာပါ။ ပူတင်ကတော့ ကုလသမဂ္ဂဆွေးနွေး ပွဲတက်ရောက်ဖို့ အမေရိကန်ကို ၂၀၁၅ ခုနှစ်က နောက်ဆုံးသွားရောက်ခဲ့ပါတယ်။
ဒီအတောအတွင်းမှာ ထရန့်က ယူကရိန်းသမ္မတ ဇယ်လန်စကီးကိုလည်း ယူကရိန်းနိုင်ငံကို အမေရိကန်ကဆက်လက်ကူညီထောက်ပံ့မှုအတွက် ယူကရိန်းနိုင်ငံအတွင်း တန်ဖိုးကြီးမြေရှားသတ္တုတွေ တူးဖော်ဖို့ အမေရိကန်ကို ဝင်ရောက်လုပ်ကိုင်ခွင့် ပြောခဲ့တယ်လို့ သိရပါတယ်။
Ref- CNN