




၁၃.၂.၂၀၂၅
Written By Thandar
အလိုတော်ပြည့်ဆရာတော်ကြီးရဲ့ တပည့်ရင်း ဆရာတော်အသျှင်ကုမာရ@ဦးဇင်းဘီလူး ဦးစီးဦးဆောင်ပြီး ပြည်ထောင်စုနေ့နဲ့ တပို့တွဲလပြည့် သြဝါဒပါတိမောက်အခါတော်နေ့အလှူအဖြစ် သောတုဇနစာသင်သား သံဃာတော် ၅၂၈ ပါးကို ဆွမ်းဆန်တော်လောင်းလှူဒါန်းခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၁၂ ရက် ညနေပိုင်းက ကျင်းပခဲ့ပါတယ်။
အဆိုပါ အခမ်းအနားမှာ အနုပညာရှင်များဖြစ်ကြတဲ့ သရုပ်ဆောင် မျိုးစန္ဒီကျော်၊ သရုပ်ဆောင် နိုင်လူနဲ့အတူ စေတနာရှင် အလှူရှင်တွေစုပေါင်းပြီး သြဝါဒပါတိမောက်အခါတော်နေ့မှာ သောတုဇန စာသင်သား သံဃာတော် ၅၂၈ ပါးတို့ကို ဆွမ်းဆန်းတော်လောင်းလှူဒါန်းခြင်းနဲ့ မယ်သီလရှင် ၃၀၀ ပါးတို့ကို ဆွမ်းဆန်းတော်လောင်းလှူဒါန်းပါတယ်။ ဒါ့အပြင် မရှိဆင်းရဲ နွမ်းပါးတဲ့ ဆိုက္ကားသမား အယောက် ၃၀၀ တို့ကိုလည်း အခြေခံစားကုန်တွေကို လှူဒါန်းခဲ့ကြပါတယ်။
“ဒီနေ့က ဉီးဇင်းတို့ နိုင်ငံရဲ့ ၇၈ နှစ်မြောက် ပြည်ထောင်စု နေ့လည်း ဖြစ်သလို လပြည့်နေ့လည်း ဖြစ်တယ်။ လပြည့်နေ့တိုင်းမှာ ဦးဇင်းတို့ရဲ့ ကျေးဇူးရှင်အလိုတော်ပြည့်ဆရာတော်ကြီးကို ဦးထိပ်ထားပြီး နှစ်စဉ်လပြည့်နေ့တိုင်း လှူဒါန်းတာဟာဆိုရင် ၅နှစ်ကျော် ၆ နှစ်ရှိခဲ့ပြီ ဖြစ်ပါတယ်။ လပြည့်နေ့တိုင်း လှူဒါန်းတာဟာဆိုရင် အကြိမ်ပေါင်း ၆၀ နီးပါး လောက်ထိ ရှိပါပြီ။ ဒီနေ့ လှူဒါန်းမှုမှာဆိုရင် အလှူရှင်တွေရဲ့ စုပေါင်း လှူဒါန်းမှုတွေအပြင် အနု ပညာရှင်တွေဖြစ်တဲ့ ချစ်စနိုးဦး၊ ထူးအယ်လင်းတို့ကပါ ပါဝင်ပြီး လှူဒါန်းကြပါတယ်”လို့ ဆရာတော် အသျှင်ကုမာရ@ဦးဇင်းဘီလူးက မိန့်ကြားပါတယ်။
အလိုတော်ပြည့်ဆရာတော်ကြီးကို ဦးထိပ်ထားပြီး ဆရာတော်ရဲ့ တပည့်ရင်းက ဦးစီးဦးဆောင်ကာ ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ တာမွေလေးရပ်ကွက်ရှိ အလိုတော်ပြည့်ကျောင်းတိုက်မှာ စေတနာရှင် အလှူရှင်တွေက အနုပညာရှင်တွေနဲ့ အတူ ဆန်၊ ဆီ၊ ဆား၊ ဂေါ်ဖီထုပ်၊ ဘူးသီး၊ ဟင်းသီးဟင်းရွက်တွေ အပါအဝင် လှူဖွယ်ဝတ္ထုအစုစုတို့ကို လှူဒါန်းခဲ့ကြတာလို့လည်း သိရပါတယ်။