
၁၃. ၂. ၂၀၂၅
Translated by Thettant
အမေရိကန်ရေတပ်က EA-18G Growler တိုက်လေယာဉ်တစ်စင်းဟာ ဗုဒ္ဓဟူးနေ့ မနက် ဒေသစံတော်ချိန် ၁၀ နာရီ ၁၆ မိနစ်ခန့်မှာ အမေရိကန်ရေတပ်ရဲ့ လေယာဥ်တွေ အခြေစိုက်တဲ့ Naval Air Station North Island အနီး San Diego Bay မှာ ပျက်ကျခဲ့ပေမယ့် လေယာဥ်မှူးနှစ်ဦးကိုတော့ အမြန်ဆုံး ကယ်တင်နိုင်ခဲ့ပြီး ဆေးရုံကိုပို့ဆောင်နိုင်ခဲ့တယ်လို့ အမေရိကန်ရေတပ်က အတည်ပြုခဲ့ပါတယ်။
San Diego မီးသတ်ဌာနက တာဝန်ရှိသူတွေကလည်း ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၁၆ မိနစ်ခန့်မှာ တိုက်လေယာဥ်ဟာ Shelter Island အနီးမှာ ပျက်ကျခဲ့တာကို အတည်ပြုခဲ့ပါတယ်။

အနည်းဆုံး ဒေါ်လာ ၆၇ သန်းကျော်တန်ကြေးရှိပြီး အီလက်ထရောနစ်နဲ့ နည်းပညာစစ်ဆင်ရေးတွေကို ကာကွယ်ဖို့အတွက် ထုတ်လုပ်ထားတဲ့ ဒီတိုက်လေယာဥ်က လေယာဥ်မှူးနှစ်ဦးကို ငါးဖမ်းသင်္ဘောက ကယ်ဆယ်ပြီး အမေရိကန် အကောက်ခွန်၊ နယ်စပ်ကင်းလှည့် လေကြောင်း၊ ရေကြောင်း စစ်ဆင်ရေးအဖွဲ့ထံ လွှဲပြောင်းပေးခဲ့တယ်လို့ အမေရိကန်ကမ်းရိုးတန်းစောင့်တပ်ဖွဲ့ကလည်း အတည်ပြုခဲ့ပါတယ်။
ကယ်တင်နိုင်ခဲ့တဲ့ငါးဖမ်းကုမ္ပဏီဖြစ်တဲ့ H&M Landing ကလည်း ကူညီမှုဖြစ်စဥ်ကို ထုတ်ပြန်ရာမှာ ဗုဒ္ဓဟူးနေ့မနက် ၁၀ နာရီ ၁၅ မိနစ်ခန့်မှာ စက်ချို့ယွင်းသွားပုံရတဲ့ တိုက်လေယာဥ်ကနေ လေယာဥ်မှူးနှစ်ဦး ခုန်ထွက်လာခဲ့ပြီး သိပ်မကြာခင်မှာပဲ တိုက်လေယာဥ်ဟာ ဆန်ဒီယေဂိုပင်လယ်အော်ထဲကို ပျက်ကျသွားခဲ့ကြောင်းနဲ့ Premier ငါးဖမ်းသင်္ဘောဟာ ဖြစ်ရပ်အပေါ် မြန်မြန်ဆန်ဆန်တုံ့ပြန်ပြီး လေယာဥ်မှူးနှစ်ဦးဆီကို အမြန်ဆုံးသွားရောက်ပြီး ဘေးကယ်စွာ ကယ်ဆယ်နိုင်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ ဒါကြောင့် လေယာဥ်မှူးနှစ်ဦးဟာ ရေထဲမှာ တစ်မိနစ်ခန့်သာနေခဲ့ရတယ်လို့လည်း ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။

“ကျွန်ုပ်တို့ရဲ့ ရေယာဉ်များစွာထဲက တစ်ခုကို အချိန်မှန်နေရာမှန်မှာ ထားရှိခွင့်ရတဲ့အတွက် ကျွန်ုပ်တို့ စိတ်သက်သာရာရပြီး ကျေးဇူးတင်မိပါတယ်။ ကပ္ပတိန် Brandon Viets နဲ့ Premier ရဲ့ အမှုထမ်းတွေဟာ သူတို့ရဲ့ ကျွမ်းကျင်ပိုင်နိုင်မှုကြောင့် လျင်မြန်စွာ ပြုမူခဲ့ကြပြီး ဒီလေယာဉ်မှူးတွေကို ဘေးကင်းရာကို ပို့ဆောင်နိုင်ခဲ့ပါတယ်။”လို့ H&M Landing ရဲ့ အထွေထွေမန်နေဂျာ Frank Ursitti က ပြောကြားပါတယ်။
ပျက်ကျလေယာဥ်ဖြစ်စဥ်နဲ့ ဆီယိုဖိတ်မှုဖြစ်စဥ်တွေကို ကာကွယ်ရှင်းလင်းဖို့ ဖြစ်ရပ်နေရာဆီကိုမီးသတ်ယာဉ်နှစ်စီး၊ ရေမြှုပ်ထရပ်ကား၊ ရဟတ်ယာဉ်တစ်စင်း၊ လှေနှစ်စင်းနဲ့ မြစ်ကမ်းစောင့်ကယ်ဆယ်ရေး အဖွဲ့တို့ အပါအဝင် မီးသတ်တပ်ဖွဲ့ဝင် ၆၀ ဦးကို အခင်းဖြစ်ပွားရာကို မီးသတ်တပ်ဖွဲ့ကလည်း အမြန်ဆုံး စေလွှတ်ခဲ့သလို အပျက်အစီးတွေဟာ ရေထဲမှာ ကျန်ရှိနေဆဲဖြစ်တယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
လေယာဉ်မှူးနှစ်ဦးစလုံးကို ဒေသဆိုင်ရာဆေးရုံ ပို့ဆောင်ထားပြီး အခြေအနေတည်ငြိမ်နေတယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သလိုရေတပ်တာဝန်ရှိသူတစ်ဦးက Fox News Digital ကို ပြောကြားရာမှာ လေယာဉ်ပျက်ကျမှုမတိုင်မီမှာ ဘေးဒုက္ခအချက်ပြမှု ထွက်ပေါ်လာခြင်း ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်းနဲ့ လေယာဉ်မှူးတွေက ဘယ်သူဆိုတာ ဖော်ထုတ်ပြောနိုင်ခြင်းမရှိသေးကြောင်း ဖြေဆိုခဲ့ပါတယ်။ H&M Landing ကလည်း ရေတပ်၊ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ အပြည့်အဝ ပူးပေါင်းပြီး လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို သိရှိအောင် ကူညီပေးဖို့ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်းကလည်း အမေရိကန်ရေတပ်က EA-18G Growler တိုက်လေယာဥ်တစ်စင်းဟာ Reiner တောင်အနီး ပျက်ကျပြီး လေယာဥ်မှူးနှစ်ဦးစလုံး သေဆုံးခဲ့ရပါသေးတယ်။
Ref, Fox News