MT News
Written by Nay Aung
MMA ထိုးသတ်ရန် သံဇကာကြိုးဝိုင်းအတွင်းသို့ သွားရာလမ်းတစ်လျှောက်တွင် Walkout song အဖြစ် အောင်လအန်ဆန်အသုံးပြုသော အမဲလိုက်အက သီချင်းကိုအသုံးမပြုရန် တေးရေးဆရာက တောင်းဆိုမှုများရှိခဲ့ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
မြန်မာစပါးကြီးမြွေဟု ခေါ်ဆိုခံရသည့် အောင်လအန်ဆန်သည် ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက်က ထိုင်းနိုင်ငံတွင်ကျင်းပသော ONE Fight Night 6 ပွဲစဉ်တွင် ဘရာဇီးတိုက်ခိုက်ရေးသမား ဂီဘတ်တို ဂါဗာအိုကို ပွဲစတင်ပြီးတစ်မိနစ်ကျော်အတွင်း အလဲထိုးအနိုင်ယူခဲ့ပြီးနောက် ပြုလုပ်သောအင်တာဗျူးတွင် ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။
အောင်လအန်ဆန်သည် ၎င်း၏ ONE Championshipပွဲစဉ်များအတွင်း ကြိုးဝိုင်းအတွင်းသို့ သွားရာလမ်းတစ်လျှောက်တွင် အဆိုတော် လေးဖြူ၏အမဲလိုက်အကသီချင်းကို Walkout song သီချင်းအဖြစ်အသုံးပြုခဲ့ပြီး ONE Championship ၏ မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံလုပွဲများတွင် အဆိုပါသီချင်းကိုအဓိကထား အသုံးပြုခဲ့ကြောင်းသိရသည်။
”ပြီးခဲ့တဲ့တစ်နှစ်ခွဲကျော်က အမဲလိုက်အက သီချင်းရေးသူဟာ ကျွန်တော့်ကို သူရဲ့သီချင်း ထပ်မံအသုံးပြုတာမျိုးမလုပ်ဖို့ပြောဆိုခဲ့ဖူးတယ်။ ကျွန်တော်တို့ဟာ ဒါကို ထားခဲ့မှာပါ၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ခွင့်လွှတ်၊ စွန့်လွှတ်ပြီးရှေ့ဆက်ကြရမှာဖြစ်တယ်။ အဲဒီသီချင်းဟာ မြန်မာပရိသတ်များအတွက် စိတ်လှုပ်ရှားမှုအများကြီးဖြစ်ရတဲ့သီချင်းဆိုတာ ကျွန်တော်သိပါတယ်။ သီချင်းရေးသူတွေလည်း အဆင်ပြေကောင်းမွန်မယ်လို့ထင်ပါတယ်” ဟု အောင်လအန်ဆန်က ဆိုသည်။
အောင်လအန်ဆန်သည် လာမည့်မတ်လနှင့် မေလအတွင်း ကျင်းပမည့်ပွဲစဉ်များတွင် ထပ်မံယှဉ်ပြိုင်တိုက်ခိုက်လိုကြောင်း၊ စွန့်လွှတ်လိုက်ရသော ချန်ပီယံခါးပတ်ပြန်လည်ရယူနိုင်အောင် ကြိုးပမ်းမည်ဟု ကတိပေးကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ref scmp