



၁၂.၂.၂၀၂၅
Written By Thandar
ဘဝအမောတွေပြေစေမယ့်”ရှယ်ပျော်” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို ယနေ့ ဖေဖော်ဝါရီ ၁၂ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော့်ရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ ဒီကားမှာ ကျွန်တော်က မော်ကြီးဆိုတဲ့ Taxi မောင်းတယ်၊ ရိုးသားတယ်။ သူများကို ကူညီချင်စိတ်အပြည့်ရှိတယ်။ ကူညီချင်စိတ်များပြီး သူများကိစ္စတွေမှာ ဝင်ပါရင်းနဲ့ ဒုက္ခရောက်တဲ့ ကာရိုက်တာလေးပါ။ ဒီကားမှာ ကောင်မလေးတစ်ယောက်ကို ဖွန်ကြောင်ရင်း သရဲအိမ်ထဲရောက်သွားတဲ့ ဇာတ်ဝင်ခန်းလေးက အမှတ်တရပါပဲ။ ပရိသတ်တွေ ရယ်မောရမယ့် ရသပေါင်းစုံပါဝင်တဲ့ ဇာတ်ကားလေးပါ”လို့ သရုပ်ဆောင် ရဲရင့်သော်က ပြောပါတယ်။
ခေတ်သစ်အရုဏ်ဦး ရုပ်ရှင်ထုတ်လုပ်ရေးက ဒီဇာတ်ကားကို ဇာတ်လမ်းနဲ့ ဇာတ်ညွှန်းတို့ကို ရန်နိုင်ထွန်း၊ မောင်သစ္စာနဲ့ သားမြင့်ရွှေတို့က ရေးသားပြီး ရိုက်ကွင်းဇာတ်ညွှန်း ညာလက်တော်နဲ့ မင်းကိုစိုး(နတ်သံကွင်း) ၊ တွဲဖက် ဒါရိုက်တာ နေလင်း၊ ဒါရိုက်တာ အကယ်ဒမီ ကိုဇော်(အရုဏ်ဦး) က ပျော်ရွှင်ရယ်မောစရာ ဇာတ်လမ်းပုံစံဖန်တီးထားပါတယ်။
သရုပ်ဆောင်တွေဖြစ်တဲ့ မြင့်မြတ်၊ တိုင်ရွန်၊ ရဲရင့်သော်၊ စိုးမြတ်သူဇာ၊ မေမြင့်မိုရ်၊ ဥဩသံသာ၊ ခင်လှိုင်၊ မိုးဒီ၊ ဇော်ဝင်းနိုင်(မန်း)၊ ငှက်ပျော်ကြော်၊ သွက်လက်၊ နေလင်း၊ ဝါဝါအောင်၊ စုရှိုင်း၊ စင်သီယာ စတဲ့ အနုပညာရှင်တွေပါဝင်ထားကြပါတယ်။
“ရှယ်ပျော်” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာလည်းဖြစ်ပါတယ်။