
၁၂.၂.၂၀၂၅
Written By Thandar
အကယ်ဒမီ ဒါရိုက်တာ စင်ရော်မောင်မောင် ခံစားတင်ပြထားတဲ့ “အတ္ထုပ္ပတ္တိ ကိုယ်တိုင်ရေးစာအုပ်” မိတ်ဆက်ပွဲနဲ့ လက်မှတ်ရေးထိုးပွဲကို ယနေ့ ဖေဖော်ဝါရီ ၁၂ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေးရှေ့ရှိ Junction City မြေညီထပ်မှာ ကျင်းပခဲ့ပါတယ်။



အဆိုပါ အခမ်းအနားကို အနုပညာအသိုင်းအဝိုင်းက အနုပညာရှင်တွေဖြစ်တဲ့ အကယ်ဒမီ ခန့်စည်သူ၊ အကယ်ဒမီ နေဝင်း၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ ထူးအံ့လွင်၊ အလှမယ်သရုပ်ဆောင် သဲစုညိမ်း၊ သားဖြစ်သူ မင်းသန့်မောင်မောင် စတဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။
“ကျွန်တော့်စာအုပ်မှာ အမှာစာရေးပေးတဲ့ မိခင်လို ချစ်ခင်ရတဲ့ မာမီဝါဝါဝင်းရွှေက အမှာစကားပြောပေးထားပါတယ်။ ဒီ့အတွက်လည်း ပီတိဖြစ်ရပါတယ်။ကျွန်တော့်ဘဝမှာ မောင်နှမထက်ပိုပြီးအချစ်ရဆုံးသော အမျိုးသမီး ဇနီးအကြောင်းတွေ ပါသလို ကိုယ့်အနုပညာလောကထဲရောက်လာပြီး ဖြတ်သန်းခဲ့ရတဲ့ ဘဝအကြောင်းတွေကို ကျွန်တော့်ရဲ့ အတိတ်ဆီကို တဖြည်းဖြည်း အသိဉာဏ်ကို ဖြတ်ကျော်လာတာကို နှလုံးသားခံစား ဖန်တီးထားတာတွေလည်းပါပါတယ်”လို့ ဒါရိုက်တာစင်ရော်မောင်မောင်က ပြောပါတယ်။



အဆိုပါ စာအုပ်မှာ ၁၉၈၄ ခုနှစ်ကစပြီး ၂၀၂၃ ခုနှစ်အထိ ရုပ်ရှင်လောကမှာ ကြုံတွေ့ခဲ့တဲ့ ရုပ်ရှင်ဆန်ဆန် အတွေ့အကြုံတွေ အနုပညာလောကမှာ ချစ်ခင်စွာ ဖြတ်သန်းခဲ့ရတဲ့ အနုပညာရောင်းရင်းတွေ ရုပ်ရှင်၊ တေးဂီတ၊ သဘင်၊ စာပေက အနုပညာရောင်းရင်းများအကြောင်း ပါဝင်တယ်လို့ သိရပါတယ်။
“ကျွန်တော် ချစ်မြတ်နိုးရတဲ့ စာဖတ်ပရိသတ်အတွက် ၆ နှစ်လုံးလုံး စာရေး၊ စာစီစာရိုက်၊ ဒီဇိုင်းဆွဲနဲ့ ဖြန့်ချိထုတ်ဝေခြင်းတို့ကို ကုန်ကျစရိတ်အရင်းအတိုင်း တာမိုးညဲစာပေက ထုတ်ဝေဖြန့်ချိပေးထားတယ်”လို့ သူက ဆိုပါတယ်။

အကယ်ဒမီ ဒါရိုက်တာ စင်ရော်မောင်မောင်ရဲ့ “အတ္ထုပ္ပတ္တိ ကိုယ်တိုင်ရေးစာအုပ်” မှာ ၅၁၃ မျက်နှာနဲ့ ကာလာစုံစာမျက်နှာ(ကတ်ထူအဖုံးခန့်ချုပ်) ကို ကျပ် ၅သောင်းနှုန်းနဲ့ တာမိုးညဲစာပေတိုက်က ဖြန့်ချိတာဖြစ်ပါတယ်။