
၁၂.၂.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်နိုင်ငံရဲ့ ကမ္ဘာကျော်ဖျော်ရည်လုပ်ငန်းကြီးဖြစ်တဲ့ ကိုကာကိုလာကုမ္ပဏီက သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ကုန်သွယ်ခွန်စည်းကြပ်မှုတွေကြောင့် ဖျော်ရည်ကို အလူမီနီယံဗူးတွေနဲ့ ထုတ်လုပ်ရမှုက ပိုမိုဈေးကြီးလာမယ်ဆိုရင် အမေရိကန်နိုင်ငံအတွင်း ပလပ်စတစ်ပုလင်းတွေနဲ့ ပိုမိုထုတ်လုပ်ရောင်းချရဖွယ်ရှိတယ်လို့ ကုမ္ပဏီအမှုဆောင်အရာရှိချုပ် James Quincey က ရင်းနှီးမြှုပ်နှံသူတွေနဲ့ တွေ့ဆုံပွဲတစ်ခုမှာ ပြောခဲ့ပါတယ်။
ထရန့်က အမေရိကန်နိုင်ငံအတွင်းတင်ပို့လာတဲ့ သံမဏိနဲ့အလူမီနီယံကို သွင်းကုန်စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံဖို့ရှိမယ်လို့ အမိန့်ထုတ်ခဲ့ပြီးတဲ့နောက်မှာ အမေရိကန်နိုင်ငံအတွင်း စည်သွပ်ဗူးအစားအစာတွေနဲ့ အဖျော်ယမကာတွေအဖို့လည်း ဈေးနှုန်းတက်လာနိုင်တဲ့အခြေအနေမှာ ရှိနေပါတယ်။
ကိုကာကိုလာက သူ့ရဲ့ဖျော်ရည် ထုပ်ပိုးမှုအတွက် ပြန်လည်အသုံးပြုနိုင်တဲ့ပစ္စည်းတွေကို ၂၀၃၀ ပြည့်နောက်ဆုံးထားပြီး ၅၀ ရာခိုင်နှုန်းပြန်လည်အသုံးပြုနိုင်ဖို့ ရည်မှန်းထားခဲ့တာပါ။ ဒါပေမယ့် သူ့ရဲ့ ရည်မှန်းချက်ကို ဒီဇင်ဘာလကပဲ ထုပ်ပိုးမှုအတွက် ပြန်လည်အသုံးပြုနိုင်တဲ့ပစ္စည်းတွေကို ၂၀၃၅ ခုနှစ်မှာ ၃၅ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းသို့ အသုံးပြုနိုင်ဖို့ဆိုပြီး လျှော့ချခဲ့ရပါတယ်။ ဒီလိုလုပ်ဆောင်ပေမဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအုပ်စုတွေကတော့ ကိုကာကိုလာကို ခြောက်နှစ်တာဆက်တိုက် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ ပလပ်စတစ်ကို ထိပ်တန်းအသုံးပြုသူအဖြစ် အမည်တပ်ခဲ့ကြပါတယ်။
လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာတော့ ကိုကာကိုလာဟာ သူ့ရဲ့ ဈေးကွက်ချဲ့ထွင်မှုနဲ့ ရေရှည်တည်တံ့ရေး မဟာဗျူဟာတွေအရ အလူမီနီယံဗူးတွေနဲ့သာ ဖျော်ရည်ကို ထုပ်ပိုးရောင်းချလာတာပါ။ ယေဘုယျအနေနဲ့တော့ ဈေးပိုကြီးပေမယ့် အလူမီနီယံ ဗူးတွေက ပြန်လည်အသုံးပြုနိုင်ပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ အသုံးပြုနေတဲ့ အလူမီနီယံပစ္စည်းတွေရဲ့ ထက်ဝက်ခန့်ကို ပြည်ပမှတင်သွင်းနေရတာပါ။ ဒါကြောင့်လည်း သွင်းကုန် အလူမီနီယံကို ၂၅ ရာခိုင်နှုန်း ကုန်သွယ်စည်းကြပ်ခွန် ကောက်ခံမယ်ဆိုတာက အလူမီနီယံ ဖျော်ရည်ဘူးခွံတွေလိုတဲ့ ကိုကာကိုလာအဖို့တော့ များစွာသက်ရောက်မှုရှိစေခဲ့တာပါ။
Ref- bbc